စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 9, 2012

ဧရာဝတီတိုင်း ကျောင်းသားခေါင်းဆောင်များ ခြိမ်းခြောက်ခံရ


(ဓာတ်ပုံများ - ဗကသ)

ဧရာဝတီတိုင်း မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ် ကျုံမငေးနှင့်ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များအား ဒေသအာဏာပိုင်များက မှတ်ပုံတင်များ အိမ်ထောင်စုစာရင်းများ ကောက်ယူကာ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျုံမငေးကျောင်းသားသမဂ္ဂ ခေါင်ဆောင်တဦးဖြစ်သူ မအိအိအောင် နေအိမ်သို့ ပြီးခဲ့သည့် အင်္ဂါနေ့က မြို့နယ်ရဲစခန်းမှ ဂါတ်စာရေး အောင်နိုင်ဦး ဦးဆောင်သော အဖွဲ့လာရောက်ပြီး သမဂ္ဂနှင့် ပတ်သက်သော အချက်အလက်များ မေးမြန်းကာ မအိအိအောင်နှင့် မိဘများ၏ မှတ်ပုံတင်နံပါတ်များ၊ အလုပ်အကိုင်နှင့် သန်းခေါင်စာရင်းများ ကူးယူသွားခဲ့ကြောင်း ကျုံမငေး သမဂ္ဂအဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။

“မအိအိအောင်အိမ်ကို ည ၁၂ နာရီ ၁၀ မိနစ်မှာ လာစစ်တယ်။ ဂါတ်စာရေး အောင်နိုင်ဦးက ဦးဆောင်လာတယ်။ ရပ်ကွက်ရုံးက ကင်းသမားတွေလည်းပါတယ်။ ပြီးတော့ သမဂ္ဂအင်အား ဘယ်လောက်ရှိသလဲ။ ဘာလုပ်ဖို့ ဖွဲ့တာလဲ။ ဘာတာဝန်ယူထားတာလဲ အဲဒါတွေ မေးသွားတယ်”ဟု သူက ပြောသည်။


ထို့ပြင် ရွှေလောင်းကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးကော်မတီဝင် ကိုစိုးပြည့်စုံနေအိမ်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြို့နယ်ရဲစခန်းမှ စခန်းမှူး စောလင်းလင်းထွန်း လာရောက်ပြီး ၎င်း၏ မှတ်ပုံတင်၊ မိဘများ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ တောင်းယူသွားခဲ့သည်ဟု ကာယကံရှင် ကိုစိုးပြည့်စုံက ပြောသည်။

“ကျနော်က ဘာလို့ဒါတွေလာတောင်းတာလဲ မေးတော့ ဘာအတွက်ရယ်လို့ အကြောင်းပြချက် ခိုင်ခိုင်မာမာ မပြောဘူး။ ဘာမှ မဟုတ်ပါဘူးကွာဆိုပြီး လျောချသွားတယ်”ဟု သူက ပြောသည်။


အလားတူပင် ရွှေလောင်းသမဂ္ဂ ဘဏ္ဍာရေးကော်မတီဝင် ကိုစိုးလှိုင်အိမ်သို့လည်း ရပ်ကွက် အုပ်ချုပ်ရေးရုံးက မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ လာရောက်ကူးယူသွားခဲ့သည်ဟု ကိုစိုးပြည့်စုံက ဆက်ပြောသည်။

ယခုဖြစ်ရပ်များမှာ ကျုံမငေးနှင့် ရွှေလောင်းမြို့တို့တွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် တပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂကို ယခုနှစ် ဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ကျုံမငေး ကျောင်းသား သမဂ္ဂကို ဧပြီ ၂၆ တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“အာဏာပိုင်တွေ ဖိအားပေးခြိမ်းခြောက်တဲ့ဟာက ကျနော်တို့ ကျောင်းသားသမဂ္ဂကို အစိုးရကိုယ်တိုင်ကိုက တရားမ၀င်ဘူးလို့ သတ်မှတ်ထားတယ်။ ခုက တရားဝင် လိုက်ဖွဲ့နေတဲ့အချိန်မှာ ကျနော်တို့ သမဂ္ဂတွေ အင်အာကြီးလာမှာကို မလိုလားလို့ ပြိုကွဲသွားအောင် လုပ်တယ်လို့ပဲ မြင်တယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွဲဖက် အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောသည်။

အာဏာပိုင်များက ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ်များကို ခြိမ်းခြောက်၍ မရသည့်အတွက် တဖက်လှည့်ဖြင့် မိသားစုကိုခြိမ်းခြောက်ကာ သမဂ္ဂပြိုကွဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

နေအိမ်သို့ ရဲများလာရောက်ခဲ့သည့်အတွက် ၎င်း၏မိဘများမှာ စိုးရိမ်ကြောက်ရွံ့နေကြောင်း ကိုစိုးပြည့်စုံက ပြောသည်။

“မိဘတွေက ကြောက်နေကြတာပေါ့။ ကျနော့်ကို ဖမ်းမယ်ထင်ထားတာလေ။ အဲဒီနေ့ ညနေက ကျနော်နဲ့ မိဘတွေ စကားများကြပြီးတော့ ကျနော့်ကို အိမ်ပေါ်က နှင်ချထားတယ်။ ကျောင်းသား သမဂ္ဂကနေ ထွက်ဖို့ အရင်တုန်းက ပြောခဲ့တယ်။ ခုက ပြောမရလို့ မိဘတွေက မပြောကြတော့တာ”ဟု သူက ပြောသည်။

ဒေသအာဏာပိုင်များ၏ ယခုကဲ့သို့ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ကိုစိုးပြည့်စုံက “ကျနော်တို့ကတော့ ခုလိုလုပ်လည်း မကြောက်ပါဘူး။ ဖမ်းမယ်ဆိုရင်လည်း အဖမ်းခံဖို့ အဆင်သင့်ရှိတယ်။ ရှေ့တိုးဖို့ပဲ ရှိတယ်။ နောက်ဆုတ်ဖို့ မရှိဘူး”ဟူ၍ သူ၏ ခံယူချက်ကို ပြောပြသည်။


ရွှေလောင်း ကျောင်းသားသမဂ္ဂတွင် ဦးဆောင်သူ ၁၂ ဦး ရှိပြီး ဥက္ကဌမှာ ကိုသက်ထွဋ်နောင် ဖြစ်ကာ ကျုံမငေး သမဂ္ဂတွင် ဦးဆောင်သူ ၉ ဦး ရှိပြီး ဥက္ကဌမှာ ကိုသက်စင်ဦး ဖြစ်သည်။

ယင်းသမဂ္ဂ ၂ ခုစလုံးက ဗကသ ၏ မူဝါဒ ၅ ရပ် ဖြစ်သည့် အမျိုးသား နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဆက်လက်စွဲကိုင်ပြီး ပြည်လုံးကျွတ် ကျောင်းသားညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု သမဂ္ဂဖွဲ့စည်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဧရာဝတီ

0 comments: