စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 11, 2012

ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင် နှင့် Weekly Express Times သတင်း ထောက် ကိုဟိန်းကိုစိုး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူနှင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ပြောသည်။

အခမ်းအနားတိုင်းတွင် သတင်းထောက်များ ဝိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)

ရန်ကုန်မြို့ UMFCCI ၌ မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနား၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရွှေ မင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းတို့ ၏ နှုတ်ဆက်စကား ပြောဆိုနေသည့် ဓာတ်ပုံအား ရိုက်ကူးရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုပြဿနာသည် လူငယ်များအကြားဖြစ်ပွားသည့် ကိစ္စဖြစ်ကြောင်း၊ နှစ်ဘက် စလုံးသည် မိမိတို့၏တာဝန်အား ကျေပွန် ရန် ထမ်းဆောင်နေခြင်းဖြစ်၍ ထင်မြင်ချက်မပေးလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော သည်။

၎င်းက “လူငယ်တွေ ဆိုပေမယ့် နှစ်ဘက်စလုံးက တာဝန်ကြီးကြီး၊ လူကြီးတာဝန်တွေ ထမ်းဆောင်နေကြတာပါ၊ ဒီတော့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်းပဲ ဖြေရှင်းစေချင်တယ်”ဟု ဆိုသည်။

နိုင်ငံရေးပါတီနှင့် သတင်းမီဒီယာတို့ အကြား၌ ဖြစ်ပွားလေ့ရှိသည့် ကိစ္စရပ် တခုဖြစ်၍ ရန်ငြိုးဖြင့်မဖြေရှင်းဘဲ မိတ်ဘက်သဘောဖြင့်သာ ပြေလည်ရန်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ(MJA) ၏ ခေါင်းဆောင်တဦး ဖြစ်သူ သတင်းစာဆရာ မောင်ဝံသကလည်း ပြောသည်။

“နှစ်ဘက်စလုံးက ၀ီရိယကြောင့် ဖြစ်ပေါ်လာတာပါ၊ တဘက်က လုံခြုံရေး ရှုထောင့်က ကြည့်တယ်၊ တဘက်ကလည်းပဲ သတင်းသမား ရှုထောင့်က ကြည့်တော့ ဖြစ်တတ်တယ်၊ နိုင်ငံရေးပါတီ နဲ့ သတင်းသမားဆိုတာ အမြဲတမ်း ဆက်စပ်နေတော့
ပြေလည် စေချင်တယ်”ဟု ဆရာမောင်ဝံသ က ဆိုသည်။

သတင်းဓာတ်ပုံရိုက်ကူးနေသည့် ကိုဟိန်းကိုစိုးအား ဦးကျော်စိုးနိုင်က ဓာတ်ပုံမရိုက်ရန် တားမြစ်သော်လည်း ဆက်လက် ရိုက် ကူးရန် ကြိုးပမ်းစဉ် ကိုဟိန်းကိုစိုး၏ လက်အား ရိုက်ချလိုက်ပြီး အိမ်သာထဲဆွဲခေါ်သွားကာ မောက်မာသည့် စကားများဖြင့် ပြုမူ ဆက်ဆံခဲ့ကြောင်း၊ ထိုကိစ္စအား Weekly Express Times အနေဖြင့် ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် တစောင်ကို NLD ပါတီ ခေါင်းဆောင်များ၊ ပြည်တွင်းမီဒီယာများ၊ သတင်းစာဆရာ အသင်းများသို့ ပေးပို့ခဲ့ကြောင်း Weekly Express Times ၏ အယ်ဒီတာချုပ် ဦးကျော်ကျော်မင်း က ပြောပြသည်။

၎င်း က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရေးကြီးတယ် ဆိုတာကို လက်ခံပါတယ်၊ နိုင်ငံရေးပါတီ နဲ့ မီဒီယာ ဆိုတာ အပြန်အလှန် မှီခိုနေကြတာပါ၊ ဒါပေမယ့် သတင်းထောက်ကို အခုလိုမျိုး ကိုယ်ထိ လက်ရောက် ကျူးလွန်တာမျိုး ပြုလုပ်တာကို လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်”ဟု ဆိုသည်။

ဦးကျော်စိုးနိုင် က အခမ်းအနားစတင်နေပြီဖြစ်၍ ဓာတ်ပုံ မရိုက်ရန် တားမြစ်ခဲ့သော်လည်း ကိုဟိန်းကိုစိုးသည် နောက်သို့ လှည့် မကြည့်ဘဲ ဓာတ်ပုံ ဆက်ရိုက်ကြောင်း၊ ၎င်း၏ မျက်နှာနှင့် ရင်ဘတ်တို့ကိုလည်း ကိုဟိန်းကိုစိုး၏ လက်တို့ဖြင့် ထိခိုက်မိခဲ့ကြောင်း ပြောဆိုသည်။

“ဓာတ်ပုံ မရိုက်နဲ့ ပြောတာကို လှည့်မကြည့်ဘဲ ဆက်ရိုက်တဲ့အပြင် ကျနော့်မျက်နှာနဲ့ ၀မ်းဗိုက်ကိုလည်း တံတောင်ဆစ်နဲ့ တွန်းမိသေးတယ်၊ အခမ်းအနားပြီးတော့ ညီလေး မင်းကို ငါပြောစရာရှိတယ် လိုက်ခဲ့ဆိုပြီး ခေါ်တာပါ၊ ဆွဲပြီး ခေါ်သွားတာတော့ မဟုတ်ပါဘူး”ဟု ဦးကျော်စိုးနိုင် က ဆိုသည်။

ဦးကျော်စိုးနိုင်သည် သတင်းထောက် ကိုဟိန်းကိုစိုးအား“မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံ ရလို့ လုပ်နေတာ၊ ငါတို့က ဘာတပြားမှ မရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ၊ ဘယ်ကောင်ကိုမှ ဂရုမစိုက်ဘူးလို့ မင်းတို့ အယ်ဒီတာကို ပြော လိုက်”ဟု ပြောဆိုကြောင်း Weekly Express Times ၏ ကြေညာချက်၌ ဖော်ပြထားသည်။

ထိုကြေညာချက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ဦးကျော်စိုးနိုင်က တုံ့ပြန်ရာတွင်“မှန်တယ်လည်း မပြောဘူး၊ မှားတယ် လည်း မပြောဘူး၊ ကျနော့်ကိစ္စလည်း မဟုတ်ဘူး၊ ဒီကိစ္စအပေါ် ကျနော် ထင်မြင်ချက် မပေးဘူး၊ ကျနော် နာမည်ကြီးဖို့ လုပ် တာ မဟုတ်ဘူး”ဟု ဆိုသည်။ ထိုကိစ္စအပေါ် NLD ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖြေရှင်းပေးလိမ့်မည် ဖြစ်ကြောင်းလည်း ဆက် ပြော သည်။

NLD လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင်နှင့် သတင်းထောက် ကိုဟိန်းကိုစိုး တို့၏ ကိစ္စအား အင်တာနက်စာမျက်နှာ၌ အပြန်အ လှန်ဝေဖန်မှုများ၊ သုံးသပ်ချက် အမျိုးမျိုး များလည်း ထွက်ပေါ်နေသည်။

အခမ်းအနား တက်ရောက် သတင်းယူခဲ့သည့် မျက်မြင်သက်သေ သတင်းထောက်များအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ဦးကျော်စိုးနိုင် ၏ လုပ်ရပ်သည် မှားကြောင်း ပြောဆိုသကဲ့သို့ သတင်းထောက်တချို့ကမူ ကိုဟိန်းကိုစိုး မှားယွင်းကြောင်း ပြော ဆိုသည်။

ထိုကိစ္စရပ်ကြောင့် MJA နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ် ကွန်ရက်(MJN) တို့က များစွာစိတ်မကောင်း ဖြစ်မိကြောင်း ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ဧရာဝတီ

0 comments: