ရန်ကုန်မြို့တော် ဧရိယာအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် အ၀ီစိတွင်းပေါင်း ၆၄၅ တွင်း တူးဖော်ထားကာ ရေပေးဝေမှုများ ပြုလုပ်လျက်ရှိကြောင်း၊ မြေအောက်ရေကို အမြောက်အမြားနှင့် အစဉ်မပြတ် ထုတ်ယူသုံးစွဲခြင်းဖြင့် ရေငန်ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ မြေနိမ့်မြေကျွံခြင်း စသည့်ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်နိုင်၍ မြေအောက် ရေ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကို လျော့ချသွားရန်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ တင်ပြမှုများအရ သိရှိရသည်။
''ရေငန်ထိုးဖောက် ၀င်ရောက်နိုင်ခြင်း၊ မြေနိမ့်မြေကျွံခြင်း စတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်တာကြောင့် ရန်ကုန်မြို့တော်ဧရိယာမှာ မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းကို လျော့ချသွားမှာဖြစ်ပါတယ်။ ဒါမှ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်သွားနိုင်မှာပါ''ဟု Yangon City Concept Plan-2040 ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
ရန်ကုန်မြို့တော်ရှိ ရေပိုက်လိုင်းကြီးများဖြင့် တိုက်ရိုက်ရေပေးဝေ၍ မရနိုင်သော မြို့နယ်များ၊ ရေ ပိုက်လိုင်းများ၏ အစွန်အဖျားဖြစ်ပြီး ရေအားနည်းသော မြို့နယ်များအား ရေအားဖြည့်တင်းရန်အတွက် မြေအောက်ရေကို အ၀ီစိတွင်းစနစ်ဖြင့် တူးဖော်၍ ရေပေးဝေခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်မီက ရန်ကုန်ဧရိယာအတွင်း အ၀ီစိတွင်း ၅၄ တွင်းသာရှိခဲ့ပြီး လက်ရှိတွင်မူ အ၀ီစိတွင်း အရေအတွက် ၆၄၅ တွင်း ရှိလာပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် ဧရိယာအတွင်း ရေငန်ထိုးဖောက်မှုရှိသည့် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်၊ ငမိုးရိပ် ချောင်းကမ်းနားတစ်လျောက်ရှိ ရပ်ကွက်များတွင် မြေအောက်ရေ ရယူသုံးစွဲရန် မသင့်ဘဲ ရေချိုရရှိနိုင်သည့် နေရာများတွင်သာ တူးဖော်ပေးဝေသင့်ကြောင်း၊ မြေအောက်ရေအရည် အသွေးကောင်းမွန်သော နေရာများ အား ထပ်မံရှာဖွေ၍သာ ရေသန့်စင်သည့်စနစ်များ အသုံးပြု၍ ရေရယူ ပေးဝေသင့်ကြောင်း လည်း တင်ပြသွားခဲ့သည်။
လက်ရှိတွင် မြေအောက်ရေ ပေးဝေလျက်ရှိသောစခန်းများမှာ ဒဂုံမြို့သစ် ရေပေးဝေစခန်းအမှတ်(၁)နှင့် အမှတ်(၂)၊ လှိုင်သာယာမြို့နယ်သို့ ရေပေးဝေနေသည့် ထန်းတပင်မြို့နယ်ရှိ ရေပေးဝေရေးစခန်း၊ ဒလမြို့နယ်သို့ ရေပေးဝေသည့် တွံတေး မြို့နယ်၊ ရန်ကုန်-ပေါက် ရေပေးဝေရေးစခန်း စသည်တို့ဖြစ်ပြီး အဆိုပါ စခန်းများအား တိုးချဲ့တည်ဆောက်ခြင်းဖြင့်လည်းကောင်း၊ စခန်းများနှင့် ဆက်စပ်ဧရိယာများတွင် ရေရယူနိုင်သည့်နေရာများ ထပ်မံတိုးချဲ့ရှာဖွေခြင်းဖြင့် မြေအောက်ရေ ရယူ ပေးဝေသင့်ကြောင်းလည်း သိရှိရပါသည်။
Welcome to SeekaHost
9 months ago










0 comments:
Post a Comment