စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 10, 2012

စာသင်ခန်းတွင်း သိပ္ပံသင်ကြားရေး ပြုပြင်ပြောင်းလဲမှု


အနောက်နိုင်ငံတွေမှာ သိပ္ပံပညာနဲ့ သိပ္ပံသုတေသနလုပ်ငန်းအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု အခုနှစ်ပိုင်းတွေ ကျဆင်းလာတာကြောင့် အနာဂတ်မှာ ဆက်လက်ကြွယ်ဝရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာပါတယ်။

အနောက်ဟာ ဆယ့်ကိုးရာစုကတည်းက စီးပွားရေးတိုးတက်ဖို့နဲ့ ကမ္ဘာမှာ ဩဇာထူထောင်ထားနိုင်ဖို့အတွက် သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှုတွေအပေါ် မှီခိုထားခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ အနောက်နိုင်ငံတွေဟာ သိပ္ပံနဲ့ သုတေသနနယ်ပယ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာတဲ့ အာရှနိုင်ငံများနဲ့ ထိပ်တိုက်ရင်ဆိုင်လာရပါတယ်။ ပညာရေးမှာ သိပ္ပံနဲ့ သင်္ချာ ပြိုင်ဆိုင်မှုက ကြောက်မက်ဖွယ် အထွဋ်အထိပ်ရောက်လာနေပါတယ်။

ပုံမှန်အားဖြင့်တော့ သိပ္ပံနဲ့ နည်းပညာ ပြိုင်ဆိုင်မှုဆိုတာ မင်္ဂလာရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ တိုးတက် အဆင့်မြင့်တဲ့ နိုင်ငံကြီးတွေ ပိုများလာတာနဲ့အမျှ သူတို့ထုတ်ကုန်အတွက် ဖောက်သည်နိုင်ငံတွေလည်း ပိုများလာမှာပဲ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် နိုင်ငံတွေဟာ အထီးကျန်ဖြစ်မနေဘဲ၊ အခြားက လူတွေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက် လာကြလိမ့်မယ်။

အဲသလို လူတွေ၊ အိုင်ဒီယာတွေနဲ့ လုပ်ငန်းတွေ ဖလှယ်ခြင်းက လူနေမှုအဆင့်အတန်းတွေ ပိုမြင့်မားလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးအဆင့်အတန်း ကျဆင်းသွားရင် နောက်ဆုံး စီးပွားရေးတိုးတက်မှုကို ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

အနောက် (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) ဟာ အခုလို အကျပ်အတည်းမျိုး အရင်တခါကလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက စပွတ်နစ်ဂြိုလ်တုကို အာကာသထဲ လွှတ်တင်လိုက်တော့ အမေရိကန်တွေအပါအ၀င် အနောက်အုပ်စု တစ်ခုလုံး လန့်ဖြန့်ကုန်ပါတယ်။


အနောက်မှာ အဲဒီ ‘စပွန်နစ်ရှော့’ ရသွားတော့မှ သိပ္ပံပညာရေးမှာ အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့၊ ပညာရှင်တွေ စုဆောင်းဖို့၊ ထရိန်နင်တွေပေးဖို့နဲ့ အရည်အသွေးရှိတဲ့ ဆရာဆရာမတွေ ထိန်းထားဖို့ ကျားကုပ်ကျားခဲ လုပ်ကြပါတော့တယ်။

ဒီကနေ့မှာ ဦးစားပေးလုပ်ဆောင်ဖို့ လိုနေတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကတော့ အထက်တန်းကျောင်းများရဲ့ သိပ္ပံ သင်ကြားမှု ဖြစ်ပါတယ်။ သိပ္ပံဘာသာရပ်အားလုံးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သင်္ချာဟာ ကျစ်လစ်မှုရှိပြီး လိုရင်းတိုရှင်း ဘာသာစကားနဲ့ လောဂျစ်ပုံစံအပေါ် တည်မှီနေရပါတယ်။ တစ်ခါက သင်္ချာအပေါ် အများကြီး မှီတည်ထားရတဲ့ ရူပဗေဒဆိုရင် အက်တမ်တွေရဲ့ ဖွဲ့စည်းတည်ဆေက်ပုံတွေကို သင်္ချာကျေးဇူးနဲ့ အများကြီး ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၂၀ရာစု တစ်ခေတ်လုံးကို ရူပဗေဒ ရာစုနှစ်လို့ ခြုံငုံပြောဆိုရတဲ့ အထိပါပဲ။

သင်္ချာ အသုံးပြုမှုက ဓါတုဗေဒနဲ့ ဇီဝဗေဒတို့ကိုလည်း အကူအညီအများကြီး ပေးခဲ့ပါတယ်။ ဓါတုဗေဒ ဖြစ်ရပ်တွေမှာ သင်္ချာအကူအညီနဲ့ ‘ကွမ်တမ် အက်တမ်’ ကို ရှင်းပြနိုင်ခဲ့ပါတယ်။ နောက် ဓါတုဗေဒနဲ့ ရူပဗေဒ ပေါင်းစပ်မှုကနေ ဇီဝဗေဒ မော်လီကျူးတွေကို အတိအကျ ကိုင်တွယ်လာနိုင်ခဲပြီး၊ ၁၉၅၀ ပြည့်လွန်နှစ်များမှာ DNA ကို စတင် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ DNA တွေ့ရှိမှုက ခေတ်သစ်ဘိုင်အိုလော်ဂျီ အဆင့်အတန်းကို အလွန်မြင့်မားစေခဲ့ပြီး ၂၁ ရာစုကို ‘ဇီဝရာစုနှစ်’ လို့ ခေါ်ဆိုနိုင်ဖို့ အားထုတ်လာကြပါတယ်။

အခြားသိပ္ပံများဖြစ်တဲ့ ဘူမိဗေဒ၊ နက္ခတ္တ၊ ဓါတု၊ ဆေးဝါးအတတ်ပညာ၊ ဦးနှောက်နဲ့ အာရုံကြောသိပ္ပံ၊ ပင်လယ်ရေကြောင်းနဲ့ အာကာသ စတဲ့ ဘာသာရပ်တွေဟာ ရူပ၊ ဓါတု၊ ဇီဝ ပေါင်းစည်းရောသမမွှေမှု အပေါ် အများကြီး မှီခိုထားရပါတယ်။

သို့သော် ယနေ့ ကျနော်တို့ အမေရိကန်ကျောင်းတွေရဲ့ သိပ္ပံသင်ကြားမှုကို ပြန်ကြည့်ဖို့ လိုပါမယ်။ အထက်တန်းကျောင်း အများအပြားမှာ သိပ္ပံသင်ကြားမှုကို ဇီဝဗေဒနဲ့ စတင်လေ့ရှိပါတယ်။ အမေရိကန် အထက်တန်းကျောင်းတွေမှာ သိပ္ပံလေ့လာမှုက ကျောင်းသားများအဖို့ သုံးနှစ်ရှိရပါမယ်။ ဇီဝ၊ ဓါတု၊ ရူပ အတွဲ (B-C-P) ကို ကျောင်းသားအများစု ယူကြပါတယ်။ ၁၉၈၃ ခုနှစ်ကတည်းက ဒီပုံစံအတိုင်း သွားခဲ့ကြတာပါ။

ကျနော်အမြင်တော့ ဒီသင်ကြားနည်းပုံစံက ကျနော်တို့ခေတ် တိုးတက်ရေးအတွက် အန္တရာယ်လည်းရှိ ခေတ်လည်းအောက်နေပါပြီ။ ၂၁ရာစုရဲ့ ကြီးမားတဲ့ သိပ္ပံတိုးတက်မှုကို လျစ်လျူရှုထားတဲ့ ပုံစံဖြစ်နေပါတယ်။ အခြားစက်မှုနိုင်ငံကြီးတွေမှာလည်း လေ့လာနည်းပုံစံ စည်းကမ်းအမျိုးမျိုး ရှိကြပေမဲ့၊ ရူပ၊ ဓါတု၊ ဇီဝ (P-C-B) အစီအစဉ်နဲ့ သွားပုံမျိုး မရှိတာ တွေ့နေရပါတယ်။

ကျနော် ဆိုလိုတာက သိပ္ပံလေ့လာမှုဟာ ရူပဗေဒနဲ့ စတင်သင့်တယ်။ ဇီဝဗေဒနဲ့ မစသင့်ဘူး။ ရူပဗေဒကို လေ့လာရာမှာ အက္ခရာသင်္ချာနဲ့အတူ၊ သင်္ချာရဲ့ တန်ခိုးစွမ်းအားကို မြင်သိခံစားမိသွားအောင် လှုံဆော်ပေးဖို့ လိုလိမ့်မယ်။ ဒါ့ထက် ရူပဗေဒမှာ အရွေ့၊ အလျင်၊ အရှိန်၊ အရာဝတ္ထုများ အောက်ကျခြင်း၊ ကမ္ဘာမြေကြီးဆွဲအား စတဲ့ နေ့စဉ်ပတ်သက်နေတဲ့ စကားလုံးများအပြင်၊ ဒြပ်၊ အဟုန်၊ စွမ်းအင် စတဲ့ အယူအဆအသစ်တွေနဲ့လည်း ကျောင်းသားကို စတင်သင်ကြားပေးဖို့ လိုပါမယ်။

ကိုးတန်းအဆင့် ရူပဒေဟာ ကိုးတန်း ဇီဝဗေဒနဲ့ ကွာခြားရပါမယ်။ သဘာဝနိယမတွေကို ပုံဖော်ပြရလိမ့်မယ်။ အီကွေးရှင်းတွေရဲ့ စွမ်းရည်နဲ့ နောက်ခံဖြစ်ရပ်အသီးသီးကို အကျယ်တ၀င့် သင်ကြားပေးရမယ်။

စာသင်ခန်းတွင်း စမ်းသပ်ချက်တွေမှာ ရိုးရှင်းတဲ့ ဓါတ်ခွဲခန်းပစ္စည်းတွေ အပြည့်အစုံ ရှိနေရမယ်။ ပူလီဘီးတွေ၊ ချိန်သီးနာရီတွေ၊ လေယဉ်ပျံပုံစံငယ်တွေ စသဖြင့်။ သင်ခန်းစာတွေကို တကယ့် ကမ္ဘာလောကကြီးနဲ့ ဒုတ်ဒုတ်ထိ ချိတ်ဆက်မိသွားအောင် သင်ကြားပေးကြရမယ်။ နယူတန်ရဲ့ ပန်းသီးကြွေကျတဲ့ သင်ခန်းစာ (အလေးတွေ အောက်ပြုတ်ကျတာ) ကို ကမ္ဘာနဲ့ လ ပတ်နေပုံ၊ နေဖွဲ့စည်းပုံနဲ့ ဘီလီယံပေါင်းများစွာသော ဂလက်စီ ကြယ်စင်တန်းတွေရဲ့ အကြောင်းတွေကို ဆက်စပ်ရှင်းလင်းပြသ ပေးရလိမ့်မယ်။

တကယ်တော့ အတန်အသင့် အဆင်ပြေလောက်တဲ့ စာသင်ခန်းအတွင်းမှာပဲ ကျနော်တို့ဟာ အက်တမ်တွေရဲ့ ရွေ့လျားမှုနဲ့အတူ ဂြိုလ်တွေရဲ့ ရွေ့လျားမှု စွမ်းရည်တွေကို လေ့လာကြည့်နိုင်ပါတယ်။ ကိုးတန်း ရူပဗေဒ နောက်ဆုံးခန်မှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အက်တမ်တွေအကြောင်း ကလေးကို မိတ်ဆက်ပေးနိုင်ရမယ်။

ရူပဗေဒ ဆိုတာ အက်တမ်ကနေ ဂလက်စီကြယ်စင်တွေအထိ အကွာအဝေး စကေးကို မိတ်ဆက်ပေးတာ ဖြစ်တယ်။ နာနိုစက္ကန့်မှသည် ရာစု ထောင်စုနှစ်တွေအထိ အချိန်စကေးကို မိတ်ဆက်ပေးတာ ဖြစ်တယ်။ အီလက်ထရွန်ဗို့လ် (volts) ကနေ မီဂါဂျိုလ့် (megajoules) ယူနစ်အထိ စွမ်းအင်စကေးကို မိတ်ဆက်ပေးတာ ဖြစ်တယ်။

ရူပဗေဒက စတဲ့ အစီအစဉ်အတိုင်း သိပ္ပံသင်ကြားဖို့ဆိုရင် ဥပမာဥပမေယျတွေနဲ့ အထပ်ထပ် ကျောင်းသား စိတ်ဝင်စားမှုရှိအောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ကမ္ဘာကြီးနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ အယူအဆတွေကို ကျောင်းသားတွေ သိထားစေဖို့လိုပါတယ်။ အထူးသဖြင့် စကြာဝဠာဗေဒ (cosmology) နဲ့ ဆင့်ကဲတိုးတက်နေတဲ့ ဇီဝဗေဒ သင်္ခန်းစာတွေမှာ ဖြစ်ပါတယ်။

ဆယ်တန်းအဆင့် ဓါတုဗေဒမှာ ကိုးတန်းက ရူပဗေဒကို လက်တွေ့ အသုံးပြုပေးရပါမယ်။ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု နက်နဲသွားစေဖို့ ဖြစ်ပါတယ်။ ကိုးတန်းအဆင့် ရူပဗေဒမှာတော့ အခြေခံ ဓါတုဗေဒနဲ့ ဇီဝဗေဒ စည်းမျည်းဥပဒေသတွေ အရမ်းမောင်းဖို့ မလိုသေးပါဘူး။ အဲဒီအစား လုပ်သင့်တာက ရူပဗေဒကို အသုံးပြုပြီး ဓါတုနဲ့ ဇီဝကို ကျောင်းသားတွေ စိတ်ဝင်စားလာစေဖို့ ဘာသာရပ်သုံးခုရဲ့ ဆက်နွယ်ချက်ကို မြင်သိသွားစေဖို့ ဖြစ်ပါတယ်။

ဓါတုဗေဒက များသောအားဖြင့် မော်လီကျူးတွေကို လေ့လာမှုဖြစ်တာကြောင့်၊ အဲဒီလို မော်လီကျူးတွေကို လေ့လာရင်းကနေ အံဩဖွယ်ကောင်းလောက်အောင် အသက်နဲ့ ဇီဝဗေဒ ဘာသာရပ်တို့ဆီ ကူးသွားစေရမယ်။

သိပ္ပံ သင်ရိုးညွှန်းတမ်းရဲ့ အဆင့်အားလုံးတိုင်းမှာ အခြေခံ မေးခွန်းတွေ မေးထားရမယ်။ တစုံတရာဟာ ဘယ်လို အလုပ်လုပ်သလဲ။ သူ အလုပ်လုပ်တာကို ငါတို့ ဘယ်လိုသိမလဲ။ ယေဘူယျ ဥပဒေသတွေက ဘာလဲ။

ရူပဗေဒပညာရှင် မဟုတ်တဲ့ သူတွေက သဘာဝနိယာမ ဥပဒေသတွေ ဖော်ထုတ်ခဲ့တာ ရှိပါတယ်။ ဇီဝဗေဒ ပညာရှင် Julius Meyer က ဇီဝဗေဒဆိုင်ရာ စွမ်းအင်ဖြစ်စဉ် လေ့လာမှုမှ ‘စွမ်းအင်ထိန်းသိမ်းမှု ဥပဒေသ’ ကို ပထမဆုံး အဆိုပြုခဲ့ပါတယ်။ ဓါတုဗေဒပညာရှင် Dalton က အက်တမ်တွေရဲ့ တည်ရှိမှုကို ပထမဆုံး သက်သေပြ ပေးခဲ့ပါတယ်။ Sadi Carnot က သာမိုဒိုင်းနမစ် ဒုတိယ နိယာမကို ပထမဆုံး ရှင်းပြခဲ့ပါတယ်။ ဒါဟာ ဘာသာရပ်သုံးခု ပေါင်းစည်းမှုကနေ မြင်သာတဲ့ အကျိုးရလဒ်တွေ ဖြစ်ပါတယ်။

ရူပ၊ ဓါတု၊ ဇီဝ (P-C-B) အစီအစဉ်အတိုင်း သင်ကြားမှုဟာ ဆရာ ဆရာမတွေကို ပရောဖက်ရှင်နယ် ဖြစ်စေဖို့ အများကြီး တာသွားပါတယ်။ ဆရာတွေဟာ (သင်္ချာ ဆရာများ အပါအ၀င်) သူတို့ သင်ခန်းစာအတွက် သိပ္ပံပညာရပ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကျောင်းသားကို ရှင်းပြနိုင်မယ့် ဇာတ်လမ်းတွေ ဖန်တီးဖို့ ပုံမှန် တွေ့ဆုံကြရပါမယ်။ ကျောင်းသင်ခန်းစာ ပြင်ဆင်ရေးအတွက် ဆရာတွေ အတူတွေ့ဆုံ စကားပြောဖို့ အချိန်များများ ပေးဖို့ လိုအပ်ပါတယ်။

ကျနော် သိရသလောက် P-C-B အစီအစဉ်ပုံစံကို အကောင်အထည်ဖော်နေတဲ့ အထက်တန်း ကျောင်း ၁၀၀၀ ကျော် ရှိပြီဆိုရပါမယ်။ စိတ်ကြိုက်ဘာသာရပ် သိပ္ပံသင်ရိုးကို ချဲ့ထွင်မှုတွေလည်း ပေါ်ပြူလာဖြစ်လာပါတယ်။ ဒီအစီအစဉ်အတိုင်း သင်ကြားမှုက သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်နည်းကို ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။

သိပ္ပံရဲ့ အရေးပါမှုကို ထိန်းထားဖို့ဆိုရင် ပညာရေးစနစ်ကြီး တစ်ခုလုံးကို ကြည့်ဖို့လိုပါမယ်။ မူကြိုကနေ အထက်တန်းအထိ၊ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကကျောင်းအဆင့်အတန်း၊ ပညာရေးစစ်ဆေးမှု၊ သင်ကြားရေး အထောက်အကူပစ္စည်း၊ ပညာရေး တက်ကနိုလိုဂျီ၊ အာရုံကြောသိပ္ပံ၊ ထိုးထွင်းသိမြင်နိုင်သော စိတ်ပညာ၊ ဖွံဖြိုးရေးဆိုင်ရာ ဇီဝဗေဒ၊ အဟာရဗေဒ စတာတွေ ခြုံငုံကြည့်ရပါမယ်။

အဲဒီလို ပညာရေး တခွင်တပြင်လုံးပြောင်းလဲဖို့အတွက် ဦးဆောင်မှုက ပညာရေးသမား နိုင်ငံရေးသမားများ သာမကဘဲ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ အင်တိုင်အားတိုက် ပါဝင်ကြဖို့ လိုအပ်နေပါတယ်။

ရည်ညွန်း Transformaing Science Education by Leon M. Lederman

ဝင့်ထန်း

မောက္ခ

0 comments: