စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, April 15, 2012

သင်္ကြန်ပွဲ တူဆင်နွဲစို့




မနက်ဖြန်ဆိုရင် တစ်နှစ်တစ်ခါ အညစ်အကြေးတွေ ဆေးကြောသန့်စင်တဲ့ပွဲလို့ ရှေးရိုးစဉ်လာ ယုံကြည်ခဲ့တဲ့ အတာသင်္ကြန်ပွဲရဲ့ နောက်ဆုံးနေ့ကို ရောက်လာခဲ့ပြီ...။ သက္ကရာဇ် နှစ်ထောင်ပြည့်စွန်းစွန်းလေးကတည်းကိုက အပြစ်တွေ ဆေးကြောရတာ ပိုမိုကင်းစင်အောင်လို့လားတော့မသိဘူး မြန်မာမိန်းကလေးတစ်ချို့ ခန္ဓာကိုယ်အပေါ်မှာ အဝတ်တွေ လျှော့ဝတ်လာတာကိုတွေ့ရတယ်..။ အသားနဲ့ သင်္ကြန်ရေ တိုက်ရိုက်ထိတွေ့ရင် ပိုမိုစင်ကြယ်တယ်များ မှတ်ထင်လေရော့သလား....။ တိုးတက်ပွင့်လင်းလာတဲ့ ခေတ်ရဲ့ ရေစီးကြောင်းကို လွတ်လပ်ခွင့်လေး ရတဲ့အချိန်လေးမှာ အလွန်အကျွံသုံးမိတာလားတော့ မပြောတတ်ပါဘူး...။ တစ်ခုသေချာတာကတော့ ယစ်ရွှေရည်ဟာ သင်္ကြန်ကာလမှာ အရောင်းရဆုံး ဖြစ်လာခဲ့တာပေါ့...။ မူးယစ်ပြီး အသိတရားနဲ့ အရှက်တရား လျော့ပါးလာတဲ့ သူတွေဟာ မဖွယ်မရာတစ်ချို့ကိုလဲ ဆင်ခြင် ထိန်းသိမ်းနိုင်စွမ်းမရှိတော့တဲ့အခါ သင်္ကြန်ဆိုတာဟာ မူးယစ်သောက်စား ပျော်ပါးကခုန်တဲ့ ကွင်းဖွင့် ကလပ်တစ်ခုလိုဖြစ်လာခဲ့တယ်..။ အမိုးအကာနဲ့ ဆိတ်ကွယ်ရာကို အကြောင်းပြုပြီး ထင်တိုင်းကြဲတတ်တဲ့ ကလပ်တစ်ချို့ရဲ့ အကျင့်တွေကို လွတ်လွတ်လပ်လပ် လမ်းပေါ်တင်ဆက်ခွင့် ပေးလိုက်တယ်လို့များ မှတ်ထင်လေရော့လား...။

အရင်က သင်္ကြန်ရက်တွေကို မြတ်မြတ်နိုးနိုးနဲ့ လည်ပတ်ပြီး ရေပက်ခံထွက်တယ်..။ ပျော်ခဲ့တယ်..။ တစ်ဖြည်းဖြည်းနဲ့ စိတ်ဓာတ်တွေ ကြမ်းကြုတ်ရိုင်းစိုင်းလာသူတွေတစ်ချို့ကြောင့် မဟာသင်္ကြန်ဆိုတာက ပုံရိပ်တွေ မှေးမှိန်လာတယ်..။ ကိုယ့်ရိုးရာအမွေအနစ်ကို ထိန်းသိမ်းရမှာ လူတိုင်းရဲ့ တာဝန်ပါ..။ ကိုယ်စီကိုယ်စီ အသိတရားနဲ့ ဆင်ခြင် ထိန်းသိမ်းမှပဲ အဆင်ပြေမှာပါ..။ ဟိုးငယ်ငယ်တုန်းက ဆယ်နှစ်သားကျော်ကျော်အရွယ်ပေါ့.... ကျွန်တော်တို့ တစ်ဂါလံဝင် ပလတ်စတစ်ပုံးလေးကို လွယ်အိတ်ထဲ့ထည့်လွယ်ပြီး ရေပက်တံတစ်ချောင်းနဲ့ သူငယ်ချင်းတွေစုပြီး ရွာရိုးကိုးပေါက် လမ်းလျှောက်ပြီး ရေပက်ခံထွက်ကြတယ်..။ ပုံးထဲက ရေကုန်တဲ့အခါ အိမ်ပြင်မှာ ပီပါတွေချပြီး ရေပက်နေတဲ့သူတွေနား ရေကို တောင်းဖြည့်ကြတယ်.။ အားလုံးကလဲ ပျော်ပျော်ပါးပါး ပေးဖြည့်ပါတယ်..။ နောက် မဏ္ဍပ်တွေဘက်လှည့်ပြီး ရေပိုက်နဲ့ ရေထိုးခံ.. အကသွားကြည့် အဲ့လိုတွေနဲ့ ကလေးဘဝ သက်ြန်ဟာ ဖြူစင်ခဲ့တယ်..။ အသက်ကြီးလာတာနဲ့အမျှ သင်္ကြန်ရဲ့ ဖြူစင်တဲ့အငွေ့အသက်တွေ တဖြည်းဖြည်းလျော့ပါးလာတာကို တွေ့လာရတယ်..။ နို့ဆီခွက်လေးတွေနဲ့ ခွက်စောင်းခုတ်စနောက်ရာကနေ တစ်ဘက်သားနာကျင်အောင် ရေခဲတုံးလေးတွေထည့်၊ နောက်ပြီး ပုံးစောင်းခုတ်တဲ့အထိကို ရေပက်ဖို့ထက် နာကျင်စေချင်တဲ့စိတ်တွေ လွှမ်းမိုးလာကြတယ်..။ ရေပိုက်နဲ့ ပက်တဲ့လူတွေကလဲ ကွန်ပရက်ဆာတွေသုံးပြီး တစ်ဘက်သားမခံနိုင်လောက်အောင် နာကျင်စပ်ဖျဉ်းတဲ့ ရေပက်နည်းကို သွင်သွင် သုံးလာကြတယ်.။ ချစ်စရာ ရေပက် ရေလောင်းတဲ့ဓလေ့လေးကို တစ်ဘက်နဲ့တစ်ဘက် ရေနဲ့ စစ်တိုက်တဲ့ အကျင့်ဆိုးတွေက လွှမ်းခြုံလာတော့တယ်လေ..။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် စနောက် အိုးမဲ သုတ်တာကနေ အလှပျက်ပါစေတော့၊ အရှက်ကွဲပါစေတော့ ဆိုတဲ့ စေတနာဆိုးတွေနဲ့ အိုးမဲတင်မကဘူး ရေထဲမှာ ဆိုးဆေးတွေထည့်ပြီး ပက်တဲ့အထိ စိတ်ဓာတ်တွေ သိမ်ဖျင်းလာကြတယ်..။ တစ်ဘက်သားကို ရေလောင်းတဲ့အခါ သင်းသင်းလေး မွှေးနေအောင် စေတနာထား ရေမွှေးရောပြီး ရေပက်တဲ့ ဓလေ့ကိုလဲ မခံမရပ်နိုင်အောင် အနံ့ပျင်းတဲ့ ရေမွှေး၊ တစ်ချို့က အပုပ်နံ့တွေကိုရောပြီး ပက်လာကြတယ်..။ သင်္ကြန်ရဲ့ လှပ ချစ်စရာကောင်းတဲ့ ဓလေ့လေးကို စေတနာဆိုးတွေ သွင်သွင်သုံးပြီး ဖျက်ဆီးတဲ့သူတွေ များလာတယ်လေ...။ အရင်က အတွဲတွေ လည်တာတွေ့ရင် ရေဝိုင်းလောင်းကြတယ်..။ အခု အတွဲတွေ လည်တာတွေ့ရင် မနာလိုတဲ့စိတ်၊ ပညာပေးပစ်ဦးမယ်ဆိုတဲ့စိတ်နဲ့ အုပ်စုတောင့်ရင် ဆွဲလားရမ်းလား လုပ်ချင်လာကြတယ်..။ တစ်ခါက ကြုံဖူးပါတယ်.။ ကျွန်တော်နဲ့ ကျွန်တော့ကောင်မလေး သူ့တပည့်လေးတွေကို ကားနဲ့ ရေပက်ခံထွက်ဖို့ စီစဉ်ပေးတာ...။ သူက သိပ်နေမကောင်းချင်တော့ ကားခေါင်းခန်းထဲမှာ ကျွန်တော်နဲ့ တူတူ နေတယ်..။ ကျွန်တော်က ကားမောင်းတယ်..။ တစ်နေရာအရောက် မူးနေတဲ့ လူတစ်စုက ဝိုင်းတားတယ်..။ ပြီးတော့ ရှေ့ခန်း ဖွင့်ပေးဖို့ပြောတယ်..။ သူတို့တွေ နေရာယူထားတာ ကောင်မလေးဘက်မှာ.. ။ ကျွန်တော်က ပြေရာပြေကြောင်းပြောနေတုန်းပဲရှိသေးတယ်.. တစ်ယောက်က ကားခေါင်းပေါ် တက်ဖို့လုပ်တယ်..။ တစ်ယောက်က ကားတံခါးကို မဖွင့်ပေးရင် ပျက်အောင်လုပ်မယ်ဆိုတဲ့အထာနဲ့ အသားကုန် ဆောင့်ဆွဲတယ်..။ ပျော်နေတဲ့ ကျွန်တော့စိတ်တွေ ချက်ချင်း နောက်ကျိကုန်တယ်..။ လူပဲဗျာ.. စိတ်ရှိတာပေါ့..။ ကျွန်တော့မျက်နှာတင်းသွားပြီး ကားပေါ်က ဆင်းမယ်ပြင်တော့ ကျန်တဲ့သူတွေက အဲဒီ အမူးသမားနှစ်ယောက်ကို ဝိုင်းဆွဲတယ်..။ တစ်ယောက်က ကျွန်တော့နားပြေးလာပြီး တောင်းပန်တယ်..။ တောင်းပန်တာမတောင်းပန်တာထက် တစ်ကားလုံးက ကလေးတွေလေ..။ တအားကြောက်နေကြတာ..။ ကျွန်တော် စိတ်ကုန်သွားတယ်..။ အဲဒါနဲ့ ဘယ်ကိုမှ မသွားဖြစ်တော့ပဲ အိမ်ကိုပဲ မောင်းပြန်သွားလိုက်တော့တယ်..။ အဲဒီကစလို့ သင်္ကြဆိုရင် တော်တော်လေးကို စိတ်ကုန်သွားခဲ့တာ..။ ရိုးရာမပျက် ဆင်နွဲနေကြတဲ့သူတွေကိုတော့ ချီးကျူးတယ်.. လေးစားတယ်..။ သူတို့အတွက် ဆုတောင်းပေးတယ်..။ နှစ်စဉ် ရိုးရာမပျက် ဆင်နွဲနိုင်ပါစေလို့..။

နောက်တစ်ခုက ညပိုင်း ဖျော်ဖြေတဲ့ စင်တင် တေးဂီတ...။ အရင်တုန်းက အရမ်းကြိုက်တာ..။ အခုနောက်ပိုင်းတော့ ကလပ်က မယ်တွေကို ငှားပြီး စင်ပေါ်တင်ပြီး မလုံ့တလုံတွေကပြခိုင်းတယ်.။ အခု နှစ်ထောင့်တစ်ဆယ် ဝန်းကျင်မှာတော့ ကလပ်က မယ်တွေ ငှားဖို့မလိုတော့ဘူး..။ မိန်းကလေးတစ်ချို့ဟာ လျှို့ဝှက်အပ်တဲ့ အသားဆိုင်တွေကို လူထောင်သောင်းရှေ့မှာ ခင်းကျင်းပြသဖို့ ဝန်မလေးတော့ဘူး..။ အဲလိုနဲ့ ခပ်ပျက်ပျက် မိန်းကလေး တစ်ချို့ကြောင့် သာမာန်မိန်းကလေးတွေ မျက်နှာပျက်ကြရတယ်..။ ခေတ်မှီအောင် ဝတ်စားကြတာ ပေါင်လယ်လောက်ရှိတဲ့ ဘောင်းဘီတို၊ အိကျီလက်ပြတ်တွေနဲ့ လှည်ကြတာ အပြစ်မပြောပါဘူး..။ ရိုင်းစိုင်းတဲ့ ဝတ်စားဆင်ယင်မှု မဖြစ်ဖို့ပဲလိုတာပါ..။ တစ်ချို့က စကပ်အရှည်တော့ ဝတ်ပါရဲ့ ရေထိရင် လက္ခဏာကြည့်လို့ရတဲ့ အစမျိုးတွေ.. ဆိုတော့ အတွင်းခံလေးနဲ့ပဲ လျှောက်လှည်နေသလိုပါ..။ ဆိုတော့ တိုတာ ရှည်တာ အဓိက မကျပါဘူး.. ။ လုံတာ မလုံတာအရေးကြီးပါတယ်..။ ဘာလို့လဲဆိုတော့ ယစ်ရွှေရည် မှီဝဲထားကြတဲ့ ပုရိသထုအတွက် အမှောင်တိုက်ကို တိုးဝင်ကြံစည်ဖို့ လှုံ့ဆော်မိသလိုဖြစ်နေမှာမို့ပါ..။ စိတ်ရိုင်းတွေကို ပိုကြွစေတော့ အမှားတွေက ပိုကျူးလွန်ရတာ လွယ်တယ်လေ..။

အချုပ်ပြောရရင်တော့ ကိုယ့်တန်ဖိုးကို ကိုယ်ထိန်းစေချင်ပါတယ်..။ လွတ်လပ်မှုနဲ့ ပေါက်ကွဲမှု မတူပါဘူး.။ ခေတ်မှီတာနဲ့ ခေတ်ပျက်တာ ခွဲခြားသိဖို့လိုပါတယ်..။ အခုများ ပိတောက်တွေတောင် ရှက်လို့လားမသိ၊ သိပ်မပွင့်ကြတော့ဘူး..။ အဲဒီတော့ သူများသားသမီး၊ ညီအစ်ကို မောင်နှမတွေကို လိုက်မဝေဖန်ခင် ကိုယ်ကစလို့ ကိုယ့်ရဲ့ မိသားစု ဆွေမျိုးတွေကို သင်္ကြန်အနစ်သာရကို နည်းမှန်လမ်းမှန် ဖော်ဆောင်ကြဖို့ ဝိုင်းဝန်းထိန်းသိမ်းကြရင် အကောင်းဆုံးလို့ပဲ မြင်မိပါတယ်..။ ကဲ ... ညီမလေးရေ .. အစ်ကိုတို့ ယဉ်ကျေးသန့်ရှင်းစွာနဲ့ သင်္ကြန်အတက်နေ့ကို ပျော်ပျော်ရွှင်ရွှင် ရိုးရာမပျက် ဆင်နွဲလိုက်ရအောင်..။ ခင်ဗျားတို့ကော အသင့်ပဲလား...။ တစ်ယောက်ကိုတစ်ယောက် ပဲ့ပြင်ထိန်းသိမ်းရင်း ရိုးရာအမွေကို စောင့်ရှောက်လိုက်ကြပါစို့လားဗျာ..။ အပြစ်တင်နေတာတွေ ရပ်လိုက်ပါတော့..။ လက်ညိုးထိုးဝေဖန်နေမယ့်အစား အသာလေး ဖေးမပြီး လမ်းမှန်ပေါ် ပို့ပေးကြပါစို့လား..။ သင်္ကြန်အခါသမယမှာ အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ် မြဲနိုင်ကြပါစေ..။

အားလုံးကိုလေးစားလျှက်

စိုင်းမွန်း

0 comments: