စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 26, 2012

မေဒေးနေ့တွင် သံလျင်အလုပ်သမားများ ဦးမောင်ကို ဂုဏ်ပြုမည်




မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း သံလျင်မြို့တွင် အလုပ်သမားများက အခမ်းအနားတရပ်ကျင်းပကာ ၁၉၈၈ ခုနှစ် အလုပ်သမား
ခေါင်းဆောင်တဦးဖြစ်သည့် ဦးမောင်ကို အား ဂုဏ်ပြုခြင်းတရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ အလုပ်သမားများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ၊ သံတမန်များအားလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ မစုစုနွေး က မဇ္ဈိမကို ပြောသည်။

“ဦးမောင်ကိုက စစ်ကြောရေးမှာ အသတ်ခံရတယ်။ သူရဲ့ မိသားစုက ဒါမှမဟုတ် ဦးမောင်ကိုနဲ့အတူတူ အလုပ်သမားသပိတ် ခေါင်းဆောင်လုပ်ခဲ့တဲ့ ဗိုလ်ကြီးဇော်ညွန့်က အထ္ထုပ္ပတ္တိ ဖတ်ကြားမယ်။


ကြွရောက်လာသူတွေကို စကားပြောခိုင်းမယ်။ မေဒေးနေ့ ကြေညာချက် ဖတ်ကြားမယ်။ ကြွရောက်လာတဲ့ အလုပ်သမားတွေက သူတို့ စက်ရုံ အလုပ်ရုံတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေ၊ ရင်ထဲက ခံစားချက်တွေကို ပြောမယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ မစုစုနွေး က ပြောသည်။

အနယ်နယ်အရပ်ရပ်မှ မေဒေး အခမ်းအနားများသို့လည်း သဝဏ်လွှာ
များ ပေးပို့၍ သွေးစည်းညီညွတ်မှုကို ပြသသွား မည်ဟု ပြောသည်။

ဦးမောင်ကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားဗဟို
လုပ်ငန်း အဖွဲ့ဝင် ခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး ၁၉၉ဝ ခုနှစ်တွင်
စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရကာ စစ်ထောက်လှမ်းရေး၏ ညှဉ်းပမ်း
စစ်ဆေးမှု ၁၇ ရက်မြောက်သောနေ့တွင် ရေကြည်အိုင် စစ်ကြောရေး စခန်း၌ပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ထောင်ကျဖက် သတင်းစာဆရာ မောင်ဝံသ က ဆိုသည်။

“ဦးမောင်ကိုဟာ ၁၉၉ဝ ပြည့်နှစ် ဂန္ဓီခန်းမ ညီလာခံအပြီး နဝတနဲ့ အခြေအနေတွေ တင်းမာနေချိန်မှာ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ရင်း
အောက်တိုဘာလ ၂၃ ညမှာ ကျနော်တို့နဲ့အတူ အဖမ်းခံရတယ်။
ရေကြည်အိုင်မှာ စစ်ကြောရေး ကာလအတွင်း နိုဝင်ဘာ ၉ ရက်မှာ ဦးမောင်ကို ကျဆုံးခဲ့ပါတယ်။ အလွန် စိတ်ဓာတ်ပြင်းတဲ့ ကေဒါကောင်းတယောက်၊ အလွန်သိုသိပ်တဲ့ စည်းရုံးရေးမှူးကောင်း တယောက်၊ အလွန် သတ္တိပြောင်တဲ့ တိုက်ပွဲဝင် နိုင်ငံရေးသမား တယောက်အဖြစ် သူ့ကို ကျနော်တို့ ဦးညွှတ်ပါတယ်” ဟု မှတ်ချက် ရေးသားခဲ့ဖူးသည်။

ဗုဒ္ဓဟူးနေ့တွင်ပင် အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားအဖွဲ့အစည်း ရှစ်ဖွဲ့ကို ဖွဲ့ခွင့်ပြုလိုက်သည့်အတွက် အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူများက ကြိုဆိုလိုက်ကြသည်။

“ကျမတို့ ကြိုဆိုပါတယ်။ အကောင်းလက္ခဏာပြတယ်လို့ ဆိုရမှာပဲ။ ဒါပေမယ့် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား အခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ အစိုးရတရပ် ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်”ဟု မစုစုနွေး က မဇ္စျိမကို ပြော သည်။

အလုပ်သမားများ အဖွဲ့အစည်းကို အကာအကွယ်ပေးနိုင်သည့် ဥပေဒများ ပြဋ္ဌာန်းပေးနိုင်ရန် တိုက်တွန်းလိုကြောင်း လည်း သူက ပြောသည်။

မတ်လအတွင်းက ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံခုနှစ်ရုံမှ အလုပ်သမားများက “တိုင်ရီဖိနပ်စက်ရုံ အခြေခံ အလုပ်သမား များ သမဂ္ဂ” အမည်ဖြင့် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း မြို့နယ် မှတ်ပုံတင်ဌာနက အဆိုပါ အမည်ကို ခွင့်မပြုကြောင်း ညွန်ကြားခဲ့သဖြင့် “တိုင်ရီ ဖိနပ်စက်ရုံ အခြေခံ အလုပ်သမားများ အဖွဲ့အစည်း”ဆိုသည့် အမည်ကို
ပြောင်းလဲလျှောက်ထားခဲ့ရာမှ မှတ်ပုံတင် ကျလာခြင်း ဖြစ်သည်။

အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခွင့်လက်မှတ် ထုတ်ပေးခဲ့သည့်အပေါ် ကြိုဆိုသော်လည်း အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုကို တင်ကြပ်ထားဆဲ ဖြစ်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဖိုးဖြူက ပြောသည်။

“အလုပ်သမား ဖွဲ့စည်းခွင့်ပေးလိုက်တာလည်း မှန်ပါတယ်။ သို့သော်ငြားလည်းဘဲ အလုပ်သမားတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်ဆိုတာ မပြောနဲ့ အလုပ်သမားတွေရဲ့ သမဂ္ဂဆိုတဲ့ အမည်နာမကို
တောင် လွတ်လွတ်လပ်လပ် ရွေးချယ်သုံးစွဲခွင့် မရှိပါဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

အလုပ်သမားဖွဲ့စည်းခွင့်ပြု၍ အစိုးရကိုယ်တိုင် အသိအမှတ် ပြုလိုက်သဖြင့် အလုပ်သမားနှင့် အလုပ်ရှင်များအကြား
ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရန် ပိုမိုမြန်ဆန်လာသဖြင့် အလုပ်သမား အခွင့်အရေးကို အကာအကွယ်
ပေးလာနိုင်မည်ဟု ပြောသည်။

အလုပ်သမား အဖွဲ့များ ဖွဲ့စည်းရန် အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမား ၃ဝ ဦးဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်ဟု အလုပ်သမား ဥပဒေတွင်
ပြဋ္ဌာန်းထားသည်။

၂ဝ၁၁ ခု အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပဒေအရ အလုပ်သမားများ သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်သည့် လူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။

မေဒေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ စက်ရုံအလုပ်ရုံတွင် အလုပ်ရှင်များက အလုပ်သမားများကို အလုပ်သမား အခွင့်အရေး မပေးခြင်း၊ အလုပ်သမားများကို ခွဲခြားဆက်ဆံမှုများ၊ နှစ်ပေါင်းများစွာ ဖိစီးမှုများ ခံစားခဲ့ရမှုများကို
ဆွေးနွေးကြရန် ရှိသည်ဟု ကိုဖိုးဖြူက ပြောသည်။

 ချင်းမိုင် (မဇ္ဈိမ)

0 comments: