စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 18, 2012

မကောင်းမှုဒုစရိုက်များကို ရိုက်ချိုးခဲ့သောနှစ်



၂၀၁၂ သင်္ကြန်ကာလအတွင်း သင်္ကြန်အတက်နေ့၏ နာရေးကူညီမှုလုပ်ငန်းများသည် ယခင်သင်္ကြန်အကြို၊ အကျ၊ အကြတ်(ပ)၊ အကြတ်(ဒု)၊ အတက်နေ့ရက်များနည်းတူ ညနေ (၅း၀၀)နာရီအချိန်တွင် မပြီးဆုံးသေးပေ။ မြန်မာ့ရှေးထုံးတမ်း တစ်ခုဖြစ်သော ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော ခန္ဓာကိုယ်တို့အား နောက်တစ်နှစ်သို့ မကူးပြောင်းစေလိုခြင်းကြောင့် ည (၁၂း၀၀)အချိန်အထိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူနှင့် ၀န်ထမ်းတို့သည် ဆက်လက် ကူညီဖေးမ ပေးဆပ်မှု များပြုလုပ်ခဲ့ရာ ယခုနှစ် သင်္ကြန်အတက်နေ့ည၌ နာရေးကူညီမှုလမ်းကြောင်း (၄) ကြောင်းသာ ကူညီဖေးမပေးခဲ့ရသည်။ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး-ဒေါ်ရွှေဇီးကွက်တို့ဦးဆောင်ပြီး ည(၈း၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ (၃၁)လမ်းရှိ ဒေါ်အုန်းမြင့် အသက်(၈၂)နှစ်၏ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပြီး ကျန်ရစ်သော ရုပ်ခန္ဓာအား အသင်းသား/သူများနှင့်အတူ ၀ိုင်းဝန်း၍ ကူညီဖေးမသယ်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ရာ ည (၁၀း၀၀) နာရီအချိန်မှသာ နာရေးကူညီမှုအသင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ကျန်ရစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများနှင့် ၀န်ထမ်းတို့သည် နာရေးအကူအညီ တောင်းခံသောမြို့နယ်အသီးသီးရှိ နာရေးကိစ္စရပ်များအား ထိန်ပင် သုဿန်၊ ကျီစုသုဿန်များသို့ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ရာ ည (၁၂း၀၀)နာရီကျော်ချိန်မှ အသင်းသို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော မြောက်ဥက္ကလာမြို့နယ် သန္တာလမ်းရှိ မာရ်အောင်ကျောင်း တိုက်ဝန်း သာသနာ့တံခွန်ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစိတ္တ သက်တော် (၇၅) နှစ်၊ ဝါတော် (၅၅)ဝါအား အအေးခန်းစနစ်သုံး လူသေရုပ်အလောင်းတင်ရှိသော Cool Box အား အသုံးပြုလိုကြောင်း ည (၁၂း၃၀) နာရီအချိန်တွင် အကြောင်းကြားလာသည့်အတွက် နာရေးကူညီမှုအသင်းသားများမှ သွားရောက်ပြင်ဆင်ပေးခဲ့ရာ ည (၂း၃၀) နာရီအချိန်မှ ပြန်လည်ရောက်ရိှလာခဲ့သည်။
နံနက် (၇း၃၀) နာရီအချိန်မှစ၍ တစ်မနက်လုံး၊ တစ်နေ့ခင်းလုံး၊ တစ်ညနေလုံး စဉ်ဆက်မပြတ် စေတနာရှင်၊ ကုသိုလ်ရှင် အလှူရှင်များတဖွဲဖွဲ ရောက်ရှိလာကာ အလှူငွေများကို လာရောက်လှူဒါန်းခဲ့ရာ ယနေ့(၁၇.၄.၂၀၁၂)ရက်၊ နှစ်ဆန်းတစ်ရက်နေ့ တွင် ဥက္ကဋ္ဌ ဦးကျော်သူသည်လည်း နာရေးကူညီမှုလုပ်ငန်းများကို ကိုယ်တိုင်သွားရောက်ပို့ဆောင် သင်္ဂြိုလ်ပေးခြင်းတို့ကို မပြု လုပ်နိုင်တော့ချေ။ လာရောက်လှူဒါန်းကြသော အလှူရှင်များအား အသင်း၏လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများကို ဓါတ်ပုံ ကားချပ်များအား လိုက်လံရှင်းလင်းပြောကြားခြင်းနှင့် အသင်း၏လုပ်ဆောင်မှုများ၊ ပေးဆပ်မှုများဖြစ်သော စာသင်ခန်းခန်းမများ၊ သုခအလင်း(စာကြည့်တိုက်)၊ သုခကုသိုလ်ဖြစ်(ဆေးခန်း)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး လူမှုရေးသမား များတို့မှ မနားမနေ ရှင်းလင်းပြသခဲ့ပြီး အလှူရှင်များနှင့်အတူ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး-ဒေါ်ရွှေဇီးကွက်တို့မှလည်း အားလပ်မှုမရရှိအောင် မှတ်တမ်းဓါတ်ပုံများ အဆက်မပြတ်ရိုက်ကူးပေးခဲ့ရသည်။ လာရောက်လှူဒါန်းကြသော အလှူရှင်များ သည် လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ အယုတ်အလတ်အမြတ်မရွေး၊ ကလေးလူကြီးမကျန် သံဃာတော်များပါ ပါဝင် ကြကြောင်း ၀မ်းသာပီတိဖြစ်ကာ မြင်တွေ့ခဲ့ရသည်။ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူငွေ သိန်း (၂၀၀) ကျော် လက်ခံရရှိ ခဲ့ပြီး ယခုနှစ် ၂၀၁၂ မဟာသင်္ကြန်ပွဲတော်ရက်အတွင်း အချိန်ပြည့်လာရောက်၍ လုပ်အားဒါန၊ မော်တော်ယာဉ်ဒါန ပြုလုပ်ပေးခဲ့ သော အငှားယာဉ်အမှတ် ကက/၈၈၀၅ မောင်းနှင်သူ ကိုပေါက် (ခ) ကိုထိန်ဝင်းအားလည်း မှတ်တမ်းတင် ဂုဏ်ပြုလွှာအား ပေး အပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ယနေ့နိုင်ငံပိုင်သတင်းစာဖြစ်သော ကြေးမုံသတင်းစာတွင် (၂၀၁၂)ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းလွှာ ဟူ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြည်တွင်းပြည်ပရှိ အလှူရှင်များ၊ လူမှုရေးလုပ်ငန်းအား လုပ်ဆောင်ခွင့်ပေးခဲ့သော ပုဂ္ဂိုလ်များ၊ နာရေးရှင်များ၊ ကျန်းမာရေးလာရောက်ကုသကြသော လူနာများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ကိုယ်ကျိုးစွန့်၍ လာရောက်ပေးဆပ်ကြသော တတ်သိပညာရှင်ကြီးများနှင့် မြန်မာပြည်သူ ပြည်သားအပေါင်းတို့အား မြန်မာ့နှစ်သစ်ကူး အချိန်မှ စ၍ သောကကင်းဝေး ငြိမ်းချမ်းသာယာဝပြောကြပါစေဟု ဆုတောင်းမေတ္တာပို့ ကြေငြာစာမျက်နှာလည်း ပါရှိခဲ့သလို အမေရိကန် နိုင်ငံနေ မြန်မာပြည်ကို ချစ်မြတ်နိုးသော ပန်းချီပညာရှင် ကိုမင်းကျော်ခိုင်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး-ဒေါ်ရွှေဇီးကွက်၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့နှင့်တကွ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ ပေးဆပ်သူများအားလုံးတို့အား မေတ္တာပို့စာလွှာပါ ပန်းချီကားတစ်ချပ်အားလည်း အင်တာနက်မှ ပေးပို့မှုကို ၀မ်းသာအားရ ကျေနပ်စွာဖြင့် ကျေးဇူးတင်လက်ခံရရှိခဲ့သည်။
ညနေ(၅း၃၀)အချိန်တွင် ၀ဋ်ကြွေးတော်ပြေဘုရားရှိ သံဃာတော် (၅)ပါး တို့အား မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ အဆိုး အညံ့များပျောက်ကွယ်ကာ အန္တရာယ်ဟူသမျှ ကင်းရှင်းနိုင်ရန်အတွက်၎င်း၊ မကောင်းသော ပါပဒုစရိုက်မှုများကို ရိုးချိုးပစ်ခြင်း တည်းဟူသော အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ်(၁၃/က)၊ ဗိုလ်မှူး ဗထူးလမ်း၊ (၄၂)ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့ကြောင့် ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်မှုများပြုခဲ့ရာတွင် သင်္ကြန်ရက် (၅) ရက်အတွင်း နာရေးကူညီပေါင်း (၂၄၂) ဦးတို့အား (အခမဲ့) သင်္ဂြိုလ် ပေးနိုင်ခဲ့ခြင်း၊ တိရိစ္ဆာန်ငှက်ငယ်လေးများအား ဘေးမဲ့လွှတ်ပေးခြင်း၊ စတုဒီတာ အာဟာရကုသိုလ်ကျွေးမွေးခြင်း၊ ခေါင်းဆေး မင်္ဂလာနှင့် ရေကစားကြခြင်းတို့အား ယဉ်ကျေးမှုနှင့်အညီ ကျင်းပပြုလုပ်နိုင်ခြင်း၊ မမြင်တွေ့ရသည်မှာ နှစ်ပေါင်း (၃၀) ခန့်ရှိပြီ ဖြစ်သော မြန်မာ့ရိုးရာသင်္ကြန်သံချပ်ပွဲများ၊ ယဉ်ကျေးမှုနှင့်ကိုက်ညီသော မျိုးချစ်စိတ်ရှိစေသော တေးဂီတဖျော်ဖြေယာဉ်များ ဖြင့်လာရောက် ဖျော်ဖြေခြင်းတို့ကို ၀မ်းသာပီတိဖြစ်စွာဖြင့် မြင်တွေ့ခဲ့ရသောကြောင့် မင်္ဂလာအပေါင်းခညောင်းသည့် နှစ်သစ်ကူး ပွဲတော် (သို့) ကုသိုလ်ရေးများနှင့် လွှမ်းခြုံလိုက်သော နှစ်သစ်ကူးပွဲတော် (သို့) သူတော်စင်အပေါင်း မြင်တွေ့လိုသော နှစ်သစ်ကူး ပွဲတော် (သို့) မကောင်းမှုဒုစရိုက်များကို ရိုက်ချိုးပစ်ခဲ့သော နှစ်သစ်ကူးပွဲတော်ဟု ခေါ်ဆိုလိုက်ရပါတော့သည်။

Kyaw Thu

0 comments: