နတ်တော်လဆုတ် လမင်းရဲ့ အလင်းရောင်က မနက်အာရုဏ်ဦးမှာ နို့ဖိုးတောင်ကိုကျော်ပြီး ဆင်းလာတယ်။ ဒီလို ဆိုရင် ကျမတို့တဲအိမ်ထဲကို လမင်းရဲ့အလင်းရောင်က အင်ဖက်အမိုးတွေကြားကနေ ထိုးဖောက်ပြီးအလည် ရောက်လာ တတ်တယ်။ ကျမတို့ ဒုက္ခသည်စခန်းကို ကာဆီးပေးထာတဲ့ တောင်တွေပေါ်မှာ လမင်းက မေးတင်နေတဲ့ အချိန်ဆို
ရေဒီယို ခလုတ်ဖွင့်လိုက်ယုံပဲ။ နာရီကြည့်စရာမလိုဘူး။ ရေဒီယိုသတင်းတွေကို နားထောင်ပြီး ပြင်ပကမ္ဘာ ဆီ ကျမတို့ နားနဲ့ လှမ်းကြည့်ကြတယ်။
VOA ရဲ့ တိုက်ရိုက်လေလှိုင်းမျာ ဦးကျော်ဇံသာက ကိုမိုးသီးဇွန်ကို မေးလိုက်တယ် “ကိုမိုးသီးရေ ၈၈ အပြီး ပြည်ပမှာ လှုပ်ရှားနေသူတွေကြောင့် ဘာတွေများ အောင်မြင်မှုရသလဲလို့ သောတရှင်တဦးက မေးထားပါတယ် ခင်ဗျာ” တဲ့။
ကိုမိုးသီးဇွန်အသံက ဆောင်းလေနဲ့ဆန့်ကျင်လို့ တက်ကြွနွေးထွေးနေတယ် “ကျနော်တို့ လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီးလုပ်ခဲ့တယ်။ အဲဒီထဲက အောင်မြင်မှုလို့ ပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲ
တွေကို ကမ္ဘာကသိအောင် ကျနော်တို့လုပ်ပေးနိုင်ခဲ့တယ်။” လို့ ဖြေခဲ့ပါတယ်။ ဘဝတွေကို ပျော်စရာတွေနဲ့ စတင် လာတာမဟုတ်ဘဲ စစ်ပြေးဒုက္ခသည်အဖြစ် ကလေးဘဝကနေ မိခင်၊ဖခင် အရွယ်။ အဲဒီကနေ အဘိုးအဘွား အရွယ်အထိ စစ်ပြေးပြီး ကိုယ့်ဇာတိမြေမှာ မဟုတ်ဘဲ တောတောင်ထဲ၊ ဒုက္ခသည် စခန်းထဲ၊ ခေါင်းချသွားတာတွေကို
မြင်ရတော့ ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရတာ အမှန်ပါပဲ။ ဒီအဖြစ်တွေကို ကိုမိုးသီးဇွန်က ကျမထက်စောပြီး မြင်ခဲ့ သူကိုး။
တည်မြဲမှု၊ တည်ငြိမ်မှု၊ ပြည့်စုံမှုဆိုတာတွေကို သိခွင့်မရတဲ့ စစ်ပြေးဒုက္ခသည်တွေ။ ဒါက မတော်တဆ ဖြစ်တာ မဟုတ်ဘူး ကံတရားကြောင့်မဟုတ်ဘူး။ တည်ဆဲလူနေမှုစနစ်ကြောင့် ဖြစ်ရတာပါ။ စစ်ပြေး ဒုက္ခသည်တွေက သူတို့ဘဝတွေကို ရဲရဲရင်ဆိုင်ကြတယ်။ ဒါကြောင့်လည်း မျက်ရည်နဲ့ ရဲရင့်တဲ့အပြုံးကို ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်
နိုင်ခဲ့ကြတာလို့ ကျမခံစားမိတယ်။ သူတို့ရဲ့ ဘဝရှင်သန်မှုအတွက် ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေနဲ့ တွဲဖက် နေထိုင် ကျသူတွေလည်း ဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ကိုးခုရှိတယ်လို့ ပြောကြပါတယ်။ အဲဒီစခန်းတွေက မဲဟောင်ဆောင် ဒုက္ခသည်စခန်းမှာ ဆယ်နှစ်ကျော်ကျော်နေခဲ့ရပြီး ယခုလက်ရှိ ဒုက္ခသည်စခန်းမှာ ငါးနှစ်ကျော် နေထိုင်ဆဲဖြစ်တဲ့
တော်လှန်ရေးသမားတယောက်ဖြစ်လည်း ဝါရင့်ဒုက္ခသည် ကိုဝင်းကိုနဲ့ ကျမ စကားတွေ ပြောဖြစ်တယ်။
ကိုဝင်းကို ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီး ကြမ်းကြမ်းပါ။ ၁၉၉ဝ မှာ တော်လှန်ရေးနယ်မြေထဲကို ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကိုဝင်းကိုက အသားဖြူဖြူ ကိုယ်ဟန်က ပါးပါးလျလျရှိပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တယ် စကားပြော တိုးတိတ်ညင်သာ
ပေမယ့် သတ္တိကောင်းတယ်။ အမှန်တရားကို မြတ်နိုးတတ်သူမို့ အမှန်တရားနဲ့ ခါးသီးမှုကို အမြဲခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူကိုကြည့်ရတာ ခရီးကြမ်းကို ဖြတ်ခဲ့ရတဲ့လူလို့ မထင်ရဘူး။ လက်ရှိဒုက္ခသည်ဘဝရဲ့ ထွက်ပေါက်ကို စာရေးခြင်းနဲ့ လမ်းရှာသူဖြစ်ပါတယ်။ ဒီလိုကြမ်းတမ်းတဲ့ ကိုယ့်အနာဂတ်ကို ကိုယ်မပိုင်တဲ့ဒုက္ခသည်ဘဝကို ကိုဝင်းကိုရော တခြားတိုင်းရင်းသား စစ်ပြေးဒုက္ခသည် တွေရော ဘယ်လိုရှင်သန်အောင် နေနိုင်ခဲ့သလဲ ဘာတွေက ထွန်းအားပေးခဲ့သလဲလို့ ကျမကမေးတော့ “အမရေ ဇာတိစိတ်နဲ့ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက ကျနော်တို့ကို ရှင်သန်စေခဲ့တာ။ ဒါ့အပြင် တနေ့ ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း ကျနော်တို့ကို ရှင်သန်စေတာပါပဲ။ တနေ့ကိုယ့်ဇာတိကိုပြန်ပြီး ငြိမ်းချမ်းတဲ့ ကိုယ်ပိုင်ဘဝတွေကို တည်ဆောက်နိုင် ရမယ်ဆိုတဲ့ စိတ်လည်း ပါတာပေါ့ အမရယ်” တဲ့။
မဲ့ဟောင်ဆောင်မှာနေခဲ့တဲ့ ကိုဝင်းကိုက ကယား(ကရင်နီ) လူမျိုးတွေရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုအကြောင်း ကျမမေးကြည့်တော့ နို့ဖိုးမှာနေတဲ့ ကိုဝင်းကို စိတ်တွေ မဲ့ဟောင်ဆောင်ဆီ တဒင်္ဂ ထွက်ပြေးသွားတယ်။
“မဲ့ဟောင်ဆောင်မှာ ကယား(ကရင်နီ) ၊ ကယော၊ ကယန်း၊ ဂေခို၊ ဂေဘား၊ မနူး၊ မနော၊ ယင်းဘော၊ ယင်းတလဲ၊ ဆိုတဲ့ လူမျိုးစုတွေရှိတယ်။ ကိုးကွယ်ကျတာတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ ရှိတယ်။ နတ်ဗုဒ္ဓဘာသာ ရှိတယ်။ ခရစ်ယာန် ဘာသာရှိတယ်။ မဲ့ဟောင်ဆောင် ဒုက္ခသည်စခန်းက တောင်စောင်းတွေမှာပဲ အိမ်လေးတွေ ဆောက်နေကြတာပဲ။ ကယား(ကရင်နီ)လူမျိုးတွေက တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးနေကြတဲ့သူတွေပဲ။ တောင်စောင်းတွေမှာပဲ
တောင်ယာ စိုက်ကြတယ်။ စပါးစိုက်တော့ ဆူးထိုးစိုက်ကြတယ်။”
“ကျနော်တို့ အဲဒီတုန်းက လူပျိုဘဝနဲ့ တော်လှန်ရေးထဲမှာ ရှိနေကြတဲ့အချိန်ပေါ့။ ပန်းပွင့်ဆိုတာ အချိန်ရှိတုန်း ပွင့်ကြ တာပါ။ အခါရာသီတုံးသွားရင် ဘယ်မှာပန်းပွင့်ရှိတော့မှာလဲ။ ဒီလိုပဲ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာ ဆိုတာလည်း ပန်းပွင့်တွေလိုပဲပေါ့ အမရယ်။”
“လူပျိုတွေက အပျိုအိမ်သွားရင် အပျိုရဲ့ ညီအကိုမောင်နှမတွေက တခြားအိမ်ကို သွားလည်ကြတယ်။ အပျိုက လက်ခံရင် မိုးလင်းပေါက် စကားထိုင်ပြောလို့ရတယ်။ ညဘက်ဆိုတော့ မီးအလင်းရောင်ရဖို့် ထင်းရူးဆီနဲ့ မီးထွန်းတာ လူပျိုကလည်း သုံးလေးယောက်ဆိုတော့ စကားပြောတဲ့သူကပြော၊ မီးထွန်းဖို့ ထင်းရူးဆီ ခုတ်တဲ့သူကခုတ်နဲ့၊ မီးငြိမ်းလို့မရဘူး။ မီးငြိမ်းရင် ရိုးရာအရ ဆေးကြောရတယ်။ ကံမကောင်းဘူးလို့ အဓိပ္ပါယ်ရတယ်။ ရိုးသားမှု ပွင့်လင်းမှု ရှိရမယ်။ အပျိုရဲ့အိမ်လုပ်ငန်းတွေကို ဝိုင်းကူးရင်း လူပျိုက အပျိုပေါ်ထားတဲ့မေတ္တာကို ခွန်အားနဲ့လည်း ဖော်ပြကြ တယ်။”
“မြေပဲပေါ်ချိန်ဆိုမြေပဲ နုတ်ပေးရတယ်။ မြေပဲကိုနေလှန်းထားပြီး ညဘက်ဆိုလူပျိုလှည့်ရင် အပျိုကတချက်ခုတ်
နှစ်ချက်ပြတ် မြေပဲပုံပေးထားတယ်။ မြေပဲကိုဝါးကြမ်းပြင်ပေါ်ကို ထိုးထိုးပြီးအခွံခွာရင်း စကားပြောတာလေ။ ဒီလိုမျိုးနဲ့ လူပျိုလှည့်သလို တချို့ကြတော့လည်း ငွေကြေးအသင့်အသင့် ပြည့်စုံသူ လူပျိုက ကက်ဆက်လေး ပုခုံးထမ်းပြီး အိမ်ရှေ့ကနေ လူပျိုလှည့်တာပဲ အဲဒီလူပျိုက ပိုပြီးမျက်နှာပွင့်တာပေါ့။ အပျိုကလက်ခံလို့ ကြိုက်ပြီဆိုရင် အပျို အတွက် လက်ဆောင်တင်ရတယ်။ အပျိုမိဘတွေဆီမှာ လူပျိုက ကတိပြုပြီး ပစ္စည်းနဲ့တင်တောင်းတာ စေ့စပ်တာပေါ့။ အပျိုဘက်ကလည်း ပျက်ကွက်ရင် လူပျိုကို နှစ်ဆပြန်လျှော်ရတယ်။ လူပျိုဘက်က ပျက်ကွက်ရင်တော့ လျှော်စရာ မလိုဘူး။”
မင်္ဂလာဆောင်တာကတော့ ကျနော်တို့မြေပြန့်နဲ့ သိပ်မကွာဘူး။ ကလေးမွေးဖွားရင်တော့ ကလေးမိခင်ဝမ်းက ကျွတ်တာနဲ့ ဖခင်ကတူမီးသေနတ်ထမ်းပြီး တောလည်ရတယ်။ သားကောင်လိုက်ပစ်ရတယ်။ သားကောင်ကြီးကြီး ရရင် ဒီကလေးက အကျိုးပေးတယ် လာခြင်းကောင်းတယ်လို့ ပြောကြတယ်။ ဒီတော့ တောထဲက သားကောင် ကြီးကြီး မရရင်တော့ ဖခင်ဖြစ်သူက ငှက်ပဲဖြစ်ဖြစ် ရအောင်ပစ်လာတယ်။ သူတို့ဓလေ့မှာ သင်္ကြန်ဆိုတာ ရှိတယ်။ “ကူထိုးဘိုး” ဆိုတာ တံခွန်တိုင်ကို တန်ခူးလမှာ စိုက်ထူကြတယ်။ တံခွန်တိုင်ကို သွားခုတ်ရင် အဲဒီသစ်ပင်က အပြစ်အနာအဆာ မရှိရဘူး။ သန့်ရှင်းပြီးတော့ သစ်ကောင်း၊ သစ်မြတ် ဖြစ်ရမယ်။ တံခွန်တိုင်ထမ်းလာတဲ့သူတွေကို အပျို အအို မိန်းမ
တွေက အောင်သပြေပန်းနဲ့ ရေပက်ဖြန်းကြတယ်။ တံခွန်တိုင်ထိပ်မှာ သစ်သား ဒါမှမဟုတ် ဝါးနဲ့ ထီးပုံ လုပ်ထားတယ်။ တံခွန်တိုင်ကို အဖွဲ့လိုက် ကကြတယ်။ ဒါကလည်း ပွဲတခုပဲ။”
“ဒီးကူး ပွဲဆိုတာကလည်း ယွန်းပဒေရာဇ်တွေကို ကရင်နီတွေက သူတို့ကိုယ်ပိုင်မြေပေါ်က မောင်းထုတ် နိုင်တဲ့ပွဲ။ အဲဒီတိုက်ပွဲကာလမှာ ရိက္ခာအတွက် ကောက်ညင်း သုံးထုပ်ကို ပေါင်းချည်ထားတယ်။ စည်းလုံး၊ ညီညွတ်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ရန်သူကို အောင်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ နှစ်စဉ် ဆင်နွဲကြတာပါ။”
“ကောက်သစ်စားပွဲကတော့ တခြားရိုးရာပွဲတော်တွေလောက် မထင်ပေါ်ဘူး။ တောင်ယာပိုင်ရှင်က ကောက်သစ် စပါးကို မောင်းထောင်းပြီး ရလာတဲ့ဆန်ကို ချက်တယ်။ ဝက်သားကို ကျောက်ဖရုံသီးနဲ့ ရောပြီး ချက်ကျွေးမွေးကြ တယ်။ ခေါင်ရည်သောက် ထမင်းစားပြီးရင် ကယား နပမ်းလုံးကြတယ်။ နပမ်းလုံးမယ့်သူက ပေါင်နဲ့ခါးမှာ ပုဆိုး ချည်ထားရတယ်။ တဘက်လူက ပုဆိုးဆွဲပြီး နပမ်းလုံးကြတယ်။ လှဲကြသူက အရှုံးပဲ။ အားချင်းပြိုင်တဲ့ ရိုးရာ အားကစားပွဲပေါ့။”
“ကယား(ကရင်နီ)တွေမှာ သေဆုံးရင် ရိုးရာအရ အဘိုးအဘွားတွေက ဧယဉ်ကျူးတယ်။ သေဆုံးသူရဲ့ ဘေးမှာပေါ့။
သေဆုံးသူရဲ့ဘဝနဲ့ သေဆုံးသူရဲ့ကောင်းကြောင်းကို သိစေချင်လို့လေသေလို့ မြုပ်ရင် သေဆုံးသူ နောင်ဘဝမှာ အသုံးပြုဖို့ ပေါက်ပြား၊ ဓား၊ မျိုးစေ့နဲ့ သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေပါ ထည့်ပြီး မြေမြုပ်ပေးလိုက်တယ်။ ထမင်းနဲ့ ကြက်သားဟင်းပါ ထည့်ပေးသလို ကြက်ကိုသတ်ပြီး ဆန်ပါ ထည့်ပေးတယ်။”
“ကယားတွေ ယုံကြည်တဲ့ ဗေဒင်နှစ်မျိုးရှိတယ်။ “ဖိုးထီးခရီ”ဆိုတဲ့ အဖိုးတောင်းနတ်နဲ့ ကြက်ရိုးဗေဒင်ဆိုတာ ရှိတယ်။ ဖိုးထီးခရီ ဆိုတာကတော့ တန်ခူးလ တံခွန်တိုင်ထူတဲ့ ပွဲတော်ချိန်အတွင်းမှာပဲ မေးလို့ရတာ။ ကြက်ရိုးဗေဒင်ကတော့ အချိန်ရာသီမရွေး အသုံးပြုလို့ရတဲ့ ဗေဒင်။”
“ဖိုးထီးခရီ အဖိုးတောင်းနတ်ဆိုတာ ဝါးကိုဖြာပြီး ယက်ထားတဲ့တောင်းကို လူနှစ်ယောက်ကိုင်ပြီး မေးချင်တဲ့ မေးခွန်း ကိုမေးလို့ရတယ်။ ဥပမာ ဒီနှစ်တောင်ယာ စပါးကောင်း၊ မကောင်း မေးမယ်ဆိုရင် တောင်ယာစပါး ကောင်းမယ်ဆို
တောင်းရိုက်ပြပါဆို လူနှစ်ယောက်ကိုင်ထားတဲ့ တောင်းကထိန်းမနိုင်အောင် ကြမ်းနဲ့ ရိုက်ပြတာ။”
“ကြက်ရိုးဗေဒင်အတွက် အသုံးပြုမယ့် ကြက်အရှင်က အထီးဆို တွန်ပြီးရမယ်။ အမဆို ဥ,ဥပြီးရမယ်။ ဗေဒင်ဆရာက ကြက်အရှင်ကို ပေါင်းကြားမှာညှပ်ပြီး လက်နဲ့ပေါင်ရိုးကို ဆောင့်ထိုးလိုက်တယ် အရိုးပေါ်လာတော့ ကြက်ရဲ့ပေါင်မှာ ကပ်နေတဲ့အသားကိုခြစ်လိုက်တယ်။ တင်ပါးဆုံအရိုး အောက်နားကို နှီးဖျားလေးနဲ့လိုက်ထိုးတယ် အဲဒါကိုကြည့်ပြီး
ဗေဒင်ထွက်တာ။ မှန်တယ်လို့ ပြောတာများတယ်။ ဗေဒင်ဆရာပြောတာ လွဲခဲတယ်လို့ ပြောကြတာပဲ။ အမကော
မေးကြည့်ချင်လား” တဲ့။
ကိုဝင်းကိုပြောတဲ့ ကြက်ရိုးဗေဒင်က လွဲခဲတယ်ဆိုရင် ကျမ မေးကြည့်ချင်တယ်။ ကျမတို့ တိုင်းရင်းသားတွေနဲ့ မြန်မာ
ပြည်ကြီး အတွက်ပါ။ “စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး ဘယ်တော့ရမလဲ။” လို့။
နှင်းပန်းအိမ်
0 comments:
Post a Comment