စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

ဘယ်သူ ကျောခိုင်းမှာလဲ


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလိုအပ်နေတာ ကြာပါပြီ။ ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးကို တောင့်တနေတာ မြန်မာပြည်သူ ပြည်သားတွေပဲ ဖြစ်ပါတယ်။ ဒါကိုသံသယ မရှိပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေး တည်ဆောက်ရမယ်လို့ ပြောနေတဲ့ လက်နက်ကိုင် ထားသူတွေကတော့ ပြည်တွင်းစစ်ကို ဆက်ပြီးဆင်နွှဲနေဆဲ ဖြစ်တာကို ၀မ်းနည်းဖွယ်ရာ တွေ့ရပါတယ်။

ပြည်တွင်းစစ် ဘယ်လိုရပ်မလဲ။ ပထမအဆင့် ခြေလှမ်းကတော့ အပစ်အခတ် ရပ်ဆဲရေး ကြေညာဖို့ပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲဒီလို ကြေညာရင်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာစေချင်ပါတယ်။ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲကို ရပ်မယ် ဆိုတဲ့ သတင်းဖတ်လိုက်ရတော့ ၀မ်းသာမိပါတယ်။ ဒါပေမယ့် ရဟတ်ယာဉ်တွေ၊ ရထားတွေနဲ့ စစ်အင်အားတွေ တိုးချဲ့နေဆဲ၊ လက်နက်ခဲယမ်းတွေကို အစိုးရတပ်တွေက ဆက်ပို့နေဆဲပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို ခေတ်ကာလအဆက်ဆက်က မျှော်လင့်တောင့်တခဲ့ကြတာပါ။ ဟိုတလောက ဆရာဦးအောင်သင်းရဲ့ ဆောင်းပါးလေးကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နှစ် ၆၀ ပြည့်မှာ ဖတ်လိုက်ရတယ်။

ကျနော်တို့အားလုံး စိတ်အာရုံထဲမှာ စွဲစွဲမြဲမြဲ ပုံနှိပ်သိမ်းဆည်းထားတာလို့ ပြောလို့ရတဲ့ သမိုင်းဝင် ဓာတ်ပုံလေး အကြောင်းကို ဆရာက ပြန်ရေးပြတာကို တွေ့ရပါတယ်။ အဲဒီ ဓာတ်ပုံလေးကတော့ တော်လှန်ရေးကောင်စီ လက်ထက် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ တက်စက တောတွင်း လက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ခဲ့စဉ်မှာ ဆွေးနွေးပွဲပျက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင်တွေ တောထဲကို ပြန်သွားတဲ့ပုံပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံထဲမှာ ငြိမ်းချမ်းရေးလာဆွေးနွေးတဲ့ ကွန်မြူနစ် ပါတီဝင်တွေ သူတို့ရဲ့ လုံချည်လေးတွေကို မပြီး ရေတိမ် ချောင်းလေးကို ဖြတ်နေတာကို နောက်ကျောကနေ ရိုက်ထားတာပါ။ အဲဒီဓာတ်ပုံလေးကို ပေးထားတဲ့ နာမည်ကတော့ “သူတို့ပြန်ကြလေပြီ” တဲ့။ ငြိမ်းချမ်းရေးကို ကျောခိုင်းပြီလို့ ဆိုလိုချင်တာပါ။

ပြောချင်တာက ဒီလိုပါ။ မြန်မာပြည်မှာ အစိုးရအသစ်တွေတက်လာတိုင်း၊ တက်လာတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်တယ်၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်ကြတယ်၊ ငြိမ်းချမ်းရေးပွဲစားတွေ အလျှိုအလျှို ပေါ်လာကြတယ်။ ဒါပေမယ့် အဆုံးမှာတော့ ရလဒ်က စစ်မြေပြင်တလင်းမှာပဲ အဖြေကိုပြန်ရှာကြတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ တော်လှန်ရေးကောင်စီ လက်ထက်မှာ အပစ်အခတ်ရပ်စဲရေးကို ရေဒီယိုကနေ တတိုင်းပြည်လုံး ကြေညာခဲ့ပြီး တောတွင်းလက်နက်ကိုင်တွေကို ခေါ်ခဲ့တာပါ။ ဗကပ အပြင် ကရင်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား တွေလည်း ပါပါတယ်။ ရန်ကုန်ကို အားလုံး လာခဲ့ကြတယ်။ တော်လှန်ရေးကောင်စီဘက်က သယ်ယူပို့ဆောင်ရေး အစစအရာရာ အသေအချာ စီစဉ်ပေးခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် တဘက်နဲ့တဘက် တောင်းဆိုချက်တွေကို ဆွေးနွေးတဲ့အခါမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနေရာမှာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့ အပိုင်းကို ပြောချင်ပါတယ်။ ရှမ်း၊ ကရင်နဲ့ ရခိုင် တိုင်းရင်းသားတွေက သူတို့ရဲ့ နိုင်ငံရေးအရ တောင်းဆိုချက်တွေကို တော်လှန်ရေးကောင်စီဘက်က လိုက်လျောဖို့ မဖြစ်နိုင်ခဲ့တာ တွေ့ရပါတယ်။

အဓိကလိပ်ခဲတည်းလည်း ဖြစ်ခဲ့ရတဲ့ ပြဿနာကတော့ သီးခြားပြည်နယ် တည်ထောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ် ရေး၊ ပြည်ထောင်စုက ခွဲထွက်ရေး ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး တင်ပြချက်တွေကို တော်လှန်ရေး ကောင်စီ ဘက်က ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကတော့ သက်ဆိုးရှည်ခဲ့ပါတယ်။

၁၉၈၈ မြန်မာစစ်အစိုးရ အာဏာသိမ်းပြီးနောက်မှာလည်း အပစ်အခတ်ရပ်စဲရေးတွေ ဆက်တိုက်လုပ်ပြီး တိုင်းရင်းသား အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ “ဥပဒေဘောင်ထဲ” ကို ပြန်လာခဲ့ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးမှု မရှိခဲ့ပါဘူး။ အပစ်အခတ် ရပ်တဲ့အဆင့်ပဲ ဖြစ်ပါတယ်။ လက်နက်အသင့်ကိုင်ထားတဲ့ ငြိမ်းချမ်းရေးကာလလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီထဲကို မဝင်ဘဲ ကျန်ခဲ့တာက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော် – တောင်ပိုင်း နဲ့ ကရင်နီအဖွဲ့တွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအပစ်ရပ်ခဲ့တဲ့ သူတွေကို တိုင်းရင်းသား ကိုယ်စားလှယ်တွေဆိုပြီး အမျိုးသားလွှတ်တော်တက်ခိုင်း၊ အခြေခံဥပဒေကို ဝင်ပြီး ရေးဆွဲခိုင်းတာ၊ ဆွေးနွေးခိုင်းတာ တွေ့ရပြန်ပါတယ်။

အဲဒီလို အပစ်ရပ်ထားတဲ့ ကာလမှာ နယ်စပ်ဖွံ့ဖြိုးရေးဆိုပြီး စစ်အစိုးရဘက်က လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြောက်ပိုင်းမှာတော့ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွဆေးတွေ ပိုထွက်လာတာ တွေ့ရပါတယ်။ မြောက်ဖျားက ကချင်ကတော့ အပစ်ရပ်ထားတဲ့အချိန်မှာ သူတို့နယ်ထဲ AIDS ရောဂါနဲ့ သေသူပိုများလာတယ်၊ ဖွံ့ဖြိုးရေးထက်စာရင် ကချင်လူငယ်တွေ ဘိန်းပိုစွဲကုန်တယ်၊ ပြီးတော့ သူတို့နယ်က တွင်းထွက်အရင်းအမြစ်တွေကို မြန်မာစစ်အစိုးရက အိမ်နီးချင်း တရုတ်နိုင်ငံကို ရောင်းချခဲ့တယ် ဆိုတာတွေကို ထောက်ပြဝေဖန်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးမှာ အပေါင်းလက္ခဏာထက် စာရင် အနုတ်လက္ခဏာက ပိုများတယ်လို့ ဆိုခဲ့ပါတယ်။

အပစ်အခတ် ရပ်ခဲ့ပေမယ့် တဘက်နဲ့ တဘက် ယုံကြည်မှု ရှိခဲ့ကြတာ မဟုတ်ပါဘူး။ မြန်မာဘက်က တိုင်းရင်းသား နယ်တွေမှာ တပ်အင်အားကို တိုးချဲ့ခဲ့သလို တိုင်းရင်းသားတွေဘက်ကလည်း လက်နက်နဲ့ လူအင်အားကို ရသလောက် စုဆောင်းခဲ့တာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သေနတ်ပြန်ပေါက်မယ်လို့ သူတို့ တွက်ဆထားတဲ့အတွက်ပဲ ဖြစ်ပါတယ်။

သူတို့တွက်တဲ့အတိုင်း ကချင်နယ်မှာ သေနတ်ပြန်ဖောက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ၁၉၉၄ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်နဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ခဲ့ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတဲ့အချက်တွေကို ဆွဲထုတ်ရရင်တော့ အများကြီးပါ။ နိုင်ငံရေးအရ ဘာမှ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့ ကိစ္စနဲ့ တိုက်ရတော့မယ်ဆိုတဲ့ ဘက်ကို ကချင်ခေါင်းဆောင်တွေက ပိုအားသာလာတဲ့အပြင် ကချင်လူထု ကလည်း ဒီလို ပြန်တိုက် တာကို ထောက်ခံခဲ့ပါတယ်။

တိုင်းရင်းသားတပ်တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် ဖွဲ့စည်းရေး အဆိုပြုချက် တခုကလည်း ၂ ဘက်ကို နားလည်မှု အကြီးအကျယ် လွဲစေခဲ့တဲ့အထဲ ပါဝင်ပါတယ်။

အခုအချိန်အထိ ဗဟိုအစိုးရအနေနဲ့ရော၊ တပ်မတော်အနေနဲ့ရော ခေတ်အဆက်ဆက် စိုးမိုးခဲ့တဲ့ အစိုးရကော၊ တရားမဝင် အာဏာယူခဲ့တဲ့ စစ်အာဏာရှင်တွေ ကိုပါ နားမလည်နိုင်တာကတော့ တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင် တိုက်နေရတယ် ဆိုတဲ့ အချက်ကို ဘာကြောင့် နားလည်အောင် မကြိုးစားသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါက တိုင်းရင်းသားနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ် ပဋိပက္ခ အရင်းအမြစ်ပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေဟာ သူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ တန်းတူအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် လက်နက်ကိုင် တိုက်နေကြတာ ဖြစ်ပါတယ်။ ဒီမှာ Autonomy ဆိုတာ ခွဲထွက်တာကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ရဲ့ ပြည်နယ်ထဲမှာ အုပ်ချုပ်ပိုင်ခွင့်ကို ဆိုလိုတာပါ။

မြန်မာ့တပ်မတော်ဘက်က ဖက်ဒရယ်တို့ Autonomy တို့ ပြောလာရင် တစ္ဆေသရဲ မြင်တဲ့အတိုင်း ထိတ်လန့် ကြောက်ရွံ့တတ် သလို၊ သီးခြားခွဲထွက်တယ်ဆိုပြီး မှိုင်းတိုက်ဝါဒဖြန့်လေ့ ရှိခဲ့ပါတယ်။

တိုင်းရင်းသားတွေထဲက တချို့ကလည်း အခုအချိန်အထိ တယူသန်အမြင်နဲ့ ခွဲထွက်ရေးလိုလို၊ သမ္မတ နိုင်ငံထူထောင် မလိုလို ကျဉ်းမြောင်းတဲ့ အမျိုးသားရေး လူမျိုးရေးကို ဇောင်းပေးတဲ့ မှိုင်းတိုက်ဝါဒမြှင့်တင်တာတွေလည်း လုပ်လေ့ ရှိပါတယ်။ သီးခြားခွဲထွက်ချင်တဲ့ တိုင်းရင်းသားက လူနည်းစုလို့ မြင်ပါတယ်။ ပြည်ထောင်စုထဲမှာ နေချင်တဲ့သူက လူများစုလို့မြင်ပါတယ်။

ပြောချင်တာကတော့ ဦးသိန်းစိန်လက်ထက်မှာလည်း အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အသံတွေ ပြန်ထွက်လာ ပြန်ပါပြီ။ မကြာခင်မှာ အစိုးရက ဖွဲ့မယ့် ငြိမ်းချမ်းမှုတည်ဆောက်ရေး ကော်မတီ တရပ်လည်း ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

ဒီ ကော်မတီက ဘာတွေလုပ်မလဲတော့ မသိရသေးပါဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒနဲ့ ပဋိပက္ခရဲ့ အရင်းအမြစ်ကို မလေ့လာဘဲ အပေါ်ကနေကြည့်ပြီး နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးတွေပဲ လုပ်မယ်၊ လမ်းဖောက်၊ တံတားဆောက်တာတွေပဲ လုပ်နေဦးမယ် ဆိုရင်တော့ ဒုက္ခရောက်ဦးမယ်လို့ ပြောချင်ပါတယ်။

အခု လောလောဆယ် လုပ်ရမှာက ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေးကို ကြေညာပြီး တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ပြည်နယ်အဆင့်မှာ စတင် စကားပြောဖို့ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေကလည်း သူတို့ လိုအပ်ချက်တွေကို တစုတစည်းတည်း တင်ပြဖို့ လိုပါတယ်။ ပြီးရင်တော့ ဗဟိုအဆင့် ဆွေးနွေးပွဲကို သွားသင့်ပါတယ်။ အဲဒီမှာ နိုင်ငံရေးအရ မကျေလည်တာတွေ အကျေအလည် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အမျိုးသား တိုင်းရင်းသား ညီလာခံ ပုံစံမျိုး ခေါ်ဖို့ လိုပါလိမ့်မယ်။

ဒီလို သွားနေတဲ့ ကာလမှာ ၂ ဘက်စလုံးက ငြိမ်းချမ်းရေးကို ကျောမခိုင်းဖို့ လိုပါလိမ့်မယ်။

ဒါပေမယ့် စေ့စပ်ဆွေးနွေးရေးဆိုပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်မယ်၊ နယ်စပ်ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်မယ် ဒို့တာဝန် အရေးသုံးပါးကို သဘောတူကြောင်း လက်မှတ်ထိုးခိုင်းမယ် ဆိုတာတွေပဲလုပ်မယ် ဆိုရင် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ရေရှည်တည်တံ့မယ့် လက္ခဏာမဟုတ်ဘူး ဆိုတဲ့အကြောင်း သတိပေးချင်ပါတယ်။


ဧရာဝတီ မှ ကူးယူဖော်ပြပါသည်

0 comments: