ပံ့သကူ ရှင်ငယ် (ဥတ္တရဒီပ)
သံဃာဂုဏ်တော်ကိုးပါးတွင် တပါးနှင့်မျှမညီဟု သံဃာ့မဟာနာကက အဖွဲ့ကြီးကို သမိုင်းကစွဲချက်တင်လေတော့မည်။
၁။ လောကဟိတ လောကသုခ ဗဟုဇနဟိတ သုခ အရေးတို့ကို သုပ္ပဋိပန္နဂုဏ်နှင့်အညီ မကျင့်၊ စစ်အာဏာရှင် အရေးကိုသာ တစိုက် မတ်မတ် ပြုကျင့်ခဲ့ကြခြင်းသည် ပထမစွဲချက်၊
ပြည်သူတို့ချမ်းသာရန်၊ အမျိုးသားခြင်းသင့်မြတ်ရန် ၂၀၀၇ စက်တင်ဘာတွင် မေတ္တာပို.ခဲ့ကြသော သံဃာများအား မညှာမတာ ဖိနှိပ် သတ်ဖြတ်မှုကို ၀ိနည်းနှင့်လျှော်ညီစွာ သံဃာခြင်းမယိုင်းပင်းပဲ မိမိတို၏နေရာမြဲရေးသာ အာဏာရှင်အလိုကျ ဆောင်ရွက်ပေးခဲ့ကြခြင်းက ထိုစွဲချက်အတွက် သက်သေပင်။
၂။ သာသာနာတော်ကြီးအပေါ် သံဃာထုအပေါ်၌ ဥဇုပ္ပဋိပန္နဂုဏ်နှင့် ရိုးဖြောင့်စွာမကျင့်၊ အာဏာရှင်အလိုကျ ၀ိနည်းဥပဒေတွေကို လိုသ လိုအသုံးချကာ ရှေးဘာသာခြားမင်းများကဲ့သို့ သာမဂ္ဂီတွေအပေါ် နှိပ်ကွက်နေခြင်းများ။
ယခုဖြစ်နေဆဲ ရွှေည၀ါဆရာတော် ဦးပညာသီဟ၏အရေးသည် သာဓကတွေထဲကတခုပင်။ “ဒုဗ္ဗစ”ဟူသည် ၀ိနည်းသိက္ခာပုဒ်များနှင့် ဆုံးမမှုများကို မခံယူခြင်း၊ သုံးကြိမ်တိုင်အောင် မနာယူမှသာ ဒုဗ္ဗစအဖြစ် သတ်မှတ်ရမည်မဟုတ်ပါလား၊ ယခု ရွှေည၀ါဆရာတော်သည် တရားဓမ္မကိုသာ ဟောပြောခြင်းဖြစ်၍ ဒုဗ္ဗစ မမည်၊ တရာဟောခြင်းကိုတားမြစ်သူများမှာသာ ဓမ္မံ န္တရာယ် ငြိနိုင်ပေသည်။ သမ္မဂ္ဂသုခ ညီ ညွတ်ခြင်းချမ်းသာကို သြ၀ါဒပေးယုံနှင့် ဒုဗ္ဗစဟုယူသော် သံဃာမဟာနယကအဖွဲ့ကြီးသည်လည်း “သုဝစ”များဟုတ်နိုင်ပါတော့မလား။
ထိုသို့နိုင်ထက်ကလူ မင်းမူ၍ ဒုဗ္ဗစအဖြစ် ကျောင်းတိုက်မှနှင်ထုတ်ရန် ဆုံးဖြတ်ကြခြင်းသည် ဆရာတော်ကြီးများသည် အာပတ်ကြီးငယ်ကို ကျူးလွန်ရန်မကြောက်ရွံ့ကြောင်း ပြသရာ ရောက်နေပေသည်။ သံဃာအရံမှ ရဟန်းတပါးကို အပြစ်မဲ့နှင်ထုတ်လျင် အာပတ်သင့်သည်ဆိုတာ သိသိခြင်းနှင့် ကျူးလွန်နေကြယောင်တကား။ မည်သည့်အာပတ်မဆို ဈန်မက်ဖိုလ်ကို တားမြစ်တတ်ကြောင်း သတိချပ်လျက် ရိုးသားဖြောင့် မတ်စွာ ကျင့်တော်မူကြစေချင်သည်၊ ယခုမူ ငယ်သူကိုတော့ ဒုဗ္ဗစတဲ့၊ သူတို့ကိုယ်တိုင်ကမူ နတ်လမ်းကိုလျှောက်၍ ငရဲသို့လားရမည့်ကိန်း ပင်။
၃။ ရဟန်းကျင့်ဝတ်၊ တပါးတတ်က၊ လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏တဲ့။ နည်းတူ ရဟန်းကျင့်ဝတ်တပါးချွတ်လျင်လဲ နရတ်တိုင်ထိ ဆင်းရဲညိ တတ်မြဲ။ သို့နယ် သဘောပေါက်ကာ ကလျာဏ သီလ၀န္တစင်စစ်ဖြစ်အောင် ဥာယပ္ပဋိပန္နဂုဏ်နှင့်လျော်အောင် ကျင့်ရန်လိုသည်။ နိဗ္ဗာန်နှင့် ထိုက် တန်အောင် ကျင့်တော်မူကြသည် ထေရ်ကြီးများကို ခေတ်အဆက်ဆက် သာသာနာဝင်တိုင်းတွင် တွေ့နိုင်ပေသည်။ စစ်အစိုးရခေတ် သာသနာဝင်မှာမူ နိဗ္ဗာန်နှင့် လျော်အောင် ကျင့်မူထက်၊ လာဘ-လာဘ်ရအောင်၊ သက္ကာရ ပူဇော်ခံရအောင်၊ သီလောက-ထင်ပေါ်ကျော် ကြားအောင်သာ၊ ကျင့်နေကြကြောင်း သံဃာမဟာနာယကအဖွဲ့ကြီးက သက်သေခံ နပေသည်။
မင်းကျွမ်းဝင်ရေးအတွက် မင်းအလိုကျ “မလားရောက်အပ်သည်ကို လားရောက်နေကြသည်မှာ” တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဆိုရပေ တော့မည်။ ဥပမာ တိပိဋကတပါးဖြစ်သည့် ဆရာတော်ဦးသုမင်္ဂလကို ဖမ်းဆီးထောင်ချစဉ်က အစိုးရကို မဆုံးမရဲ၊ စစ်အာဏာရှင်အတွက်မူ မည်သည့်သံဃာကိုမဆို ဖိနှိပ်ရဲစွဲချက်တင်ရဲကြပေသည်။ ထိုသို့ဖြစ်ခြင်းမှာ သံဃာနာယကအဖွဲ့တွင် လက်ရှိပါဝင်နေသူများသည် လဇ္ဇိပေ သလ၊ သိက္ခာကာမ ဖြစ်သော သံဃာတော်က နည်းလှသောကြောင့်ဖြစ်ပေမည်။ အချို့သည် လူပုဂ္ဂိုလ်များကဲ့သို့ အာဏာရာထူးမက်မောကာ နေရာရရေးအားထုတ်နေကြသောကြောင့်ပင်။ ဆရာတော်တပါးဆိုလျှင် မူလက သုဓမ္မာဂိုဏ်ဝင်းဖြစ်ပါလျှက်၊ သံဃာအရေတွက် များသော ကြောင့် မဟနမဖြစ်နိုင်။ ထိုကြောင့် သံဃာအရေအတွက်နည်းသော ဝေဠုဝန်ဒွါဒဂိုဏ်းသို့ပြောင်းဝင်လိုက်တော့သည်။ သည်တော့ ပြိုင်ဖက် မရှိ ဒွါဒဂိုဏ်းကိုယ်စားလှယ်ဖြစ်သွားသည်မှာ လက်ရှိပင်ဝန်ဆောင်နေဆဲ။ ဤသည်ကိုချင့်၍ မဟနအဖွဲ့ကြီးသည် နိဗ္ဗာန်နှင့်လျော်အောင် မကျင့်၊ သာသနာတော်ကိုချစ်၍မဟုတ် နေရာနှင့်ဒါယကာကို ချစ်၍ဆိုသည်မှာ ထင်ရှားလှပေသည်။
၎။ သာမိစိပ္ပဋိပန္နဂုဏ်ဆိုသည့် အရိုအသေခံထိုက်အောင်လည်း သီလသမာ ပညာတို့ဖြင့်မကျင့်ကြ၊ ရာထူးဂုဏ် အာဏာဂုဏ်တို့သာ ကျင့် နေကြသည်ဟု ဆိုလိုက်ချင်ပါသည်။ သူက ဘယ်ဗိုလ်ချုပ်ကိုးကွယ်တာ၊ ငါက ဘယ်ဝန်ကြီးဆည်းကပ်တာ၊ စသည်ဖြင့် အချင်းချင်း ဂုဏ်ပြိုင် နေကြသည်။
ဗုဒ္ဓဘာသာမြန်မာတို့သည် သံဃာဆိုလျှင် ပုဂ္ဂိုလ်မရွေး ကိုးကွယ်မြတ်နိုးကြမြဲ၊ ရတနာတပါးအဖြစ်ရိုသေကြမြဲ၊ ယခုတော့မူ ထိုသို့မဟုတ်ပြီ၊ သံဃာမဟာနာယက အဖွဲ့ကြီးကို မကြည်ညိုကြတော့ပြီ။ ငရဲကြောက်၍ ယခင်က အပြစ်မပြောကြသော်ငြား၊ သာသနာရေးထက် အာဏာ ရှင်တည်တံ့ခိုင်မြဲရေးကိုသာ အဆက်ဆက်အလုပ်ကျွေးပြုနေကြကြောင်း တွေ့လာရ၍ စိတ်ပျက်သဒ္ဒါပျက် ဖြစ်လာနေကြပြီ။ ဝေဖန်ထောက် ပြသံတွေ ညံလာပြီ။
ပတ္တနိကုဇ္ဇနကံ ဆောင်ရုံနှင့် ဆရာတော်ကြီးများအား ဖမ်းဆီးထောင်ချနှိပ်စက်သည့်ကိစ္စ၊ ၈၈ နောက်ပိုင်း မန္တလေးကျောင်းတိုက်ကြီးများကို ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့နှိပ်စက်သည့်ကိစ္စ၊ ရွှေဝါရောင်တွင် သံဃာငယ်များကို ဖမ်းဆီးညှင်းဆဲသည့်ကိစ္စ၊ ကျောင်း တိုက်ပေါင်းများ စွာကိုချိတ်ပိတ်၍ သံဃာတော်များကိုနှင်ထုတ်သည့်ကိစ္စ၊ အတင်းအဓမ္မ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အတွင်းမှ မဖွယ်မရာတွေ တွေ့ သည်ဟု လုပ်ကြံစွပ်စွဲ၍ သာသနာ့အသရေဖျက်မှုကိစ္စ စသည်တို့တွင် သံဃာမဟာနာယကအဖွဲ့ကြီးသည် ရေငုံနေယုံမက ခေါင်းညိတ်၍ပင် နေခဲ့ပေသည်မဟုတ်ပါလား။ ဆိတ်ဆိတ်နေခြင်းသည်သဘောတူခြင်းဖြစ်ရာ ထိုဖျက်ဆီးသောအရေးတို့၌ ဆရာတော်ကြီးများအနေဖြင့် ဒုတိယပါရာဇိက်အာပတ်ပင် ငြိကောင်း ငြိနိုင်ပေသည်။ နောက်ဆုံးကာလ မရဏသန္နဇောစောချိန်တွင် သီလ၀ိသုဓီမဖြစ်ဘဲ ၀ိနယ ကုက္ကု စ္စဖြစ် ပျံလွန်တော်မူကြမှဖြင့် မတွေးရဲစရာပင်။
သို့နှယ် ဆင်ခြင်မိသူတိုင်းက “ကြည်ညို၍မရ” ရှိနေကြပြီ။ မယုံလျှင် နီးစပ်ရာကိုကျော်၍ စူးစမ်းကြည့်တော်မူကြစေချင်သည်။
ဤသို့ သံဃာဂုဏ်တို့တွင် အကြောင်းဂုဏ်နှင့်မပြည့်စုံဘဲ ဘယ်မှာအကျိုးဂုဏ်တို့ကို ခံယူထိုက်ပါတော့အံ့နည်း၊ ထိုသံဃာ့မဟာနာယက အဖွဲ့ကြီးတွင်ပါဝင်သော သီလသမာ သိက္ခာကြီးမား ဆရာတော်ကြီးများကိုသာ သတိတရားရစေရန်ရည်ရွယ်၍ ထောက်ပြလျှောက်ထားလိုက်ခြင်းဖြစ်ပါသည်။ သံဃာ့အဖွဲ့အစည်းကြီးသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးအဖွဲ့ကြီးဖြစ်ပါသည်။ အာဏာရှင် ဥပဒေရှင် တို့တည်ထောင်ခဲ့သော အဖွဲ့အစည်းတို့သည် နှစ် တရာ နှစ်ရာ တန်သည် တည်တံ့သော်ငြား ဗုဒ္ဓမြတ်စွာ၏ မေတ္တာဂရုဏာ သီးခံခြင်း ခွင့်လွှတ်ခြင်း စသည့်လမ်းညွှန်ချက်ဖြင့်တည်ရှိခဲ့သော ဤသံဃာအဖွဲ့အစည်းကြီးကား နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပေပြီ။
ထိုမျှ ဂုဏ်သိမ်မြင့်မားကာ ကျစ်လစ်သောအဖွဲ့အစည်းကြီးကို စစ်အာဏာရှင်နှင့် အလိုတော်ရိ သံဃာ့မဟာနာယကများခေတ်ကြမှ ချိနဲ့ အားနဲ ပြိုကွဲရမည်ဆိုလျှင် ….
သံကို သံဖျက် သံချေးတက်သို့ ငါဘုရားသာသနာကို ငါဘုရား၏တပည့်သား သံဃာတွေကသာ ဖျက်ကြလိမ့်မည်ဆိုသည့် စကားတော်ကို သံဃာနာယကအဖွဲ့ကြီးက သက်သေပြုနေသည်ဟု သမိုင်းတင်ယုံမှတပါး အခြားမရှိပြီ။
0 comments:
Post a Comment