စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

မြန်မာ-အမေရိကန် ဆက်ဆံရေး တရုတ်ကို မထိခိုက်နိုင်

မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးတက်မူသည် တရုတ်နိုင်ငံကို ထိခိုက်ရန်မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာဒဲရက် မစ်ချယ် (Derek Mitchell) က တရုတ် တာဝန်ရှိသူများကို ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၉ ရက်နေ့ မြန်မာပြည် ပထမခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ် တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ - AP)

“အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနဲ့ ဆက်ဆံရေးဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ်မှာ အနုတ်သဘောဆောင်တဲ့ ဘယ်သြဇာ လွှမ်းမိုးမှုမျိုးကိုမှ ပြုလုပ်ဖို့ ရည်ရွယ်တာ မရှိပါဘူး” ဟု တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မစ္စတာ ဒဲရက် မစ်ချယ်က ပြောကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်စဉ် ဒဲရက်မစ်ချယ်လည်း အတူလိုက်ပါခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပိုမိုတိုးတက်စေရေးနှင့် ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ တောင်ကိုးရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံများသို့ မစ္စတာ ဒဲရက်မစ်ချယ်က ၆ ရက်ကြာခရီး သွားရောက်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မစ္စတာ ဒဲရက်မစ်ချယ်က တရုတ်နိုင်ငံ၌ ခရီးစဉ် အဆုံးသတ်ခဲ့ပြီး တရုတ်အစိုးရ အရာရှိကြီးများ၊ တရုတ်နိုင်ငံရှိ အာဆီယံနိုင်ငံများမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနှင့်ပတ်သက်၍ အမေရိကန်၏ မူဝါဒ၊ တရုတ်-အမေရိကန် ၂ နိုင်ငံ ဘုံအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ၂ နိုင်ငံ ပူးပေါင်းကူညီရေးတို့အတွက် တရုတ် တာဝန်ရှိသူများနှင့် အမေရိကန်ကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာအစိုးရ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို တရုတ်က အမေရိကန်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးလည်း စိတ်ဝင်စားကြောင်း မစ္စတာ ဒဲရက်မစ်ချယ်က ယမန်နေ့တွင် ဘေဂျင်းမြို့၌ သတင်းထောက်များကို ပြောသည်။

မစ္စတာ ဒဲရက်မစ်ချယ်သည် တောင်ကိုရီးယား ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အပြောင်းအလဲများကို အားပေးရန်၊ မြန်မာ-အမေရိကန် ဆက်ဆံရေး ပိုကျယ်ပြန့်စေရေးနှင့် မြောက်ကိုးရီးယား-မြန်မာ စစ်ရေး ဆက်ဆံရေးနှင့် ပတ်သက်သည့် လက်နက်မပြန့်ပွားရေးဆိုင်ရာ စိုးရိမ်မှုများအကြောင်း ဆွေးနွေးခဲ့သည်။

ဂျပန်နိုင်ငံ ခရီးစဉ်တွင်လည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် ဂျပန်နှင့်အမေရိကန်တို့ ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကို မစ္စတာ ဒဲရက်မစ်ချယ်က ဂျပန်အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

ဂျပန်ဘက်က အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားသည့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီ (ODA) များ ပေးရန် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုလကုန်ပိုင်းတွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် မကြာသေးခင်က ကြေညာချက်ထုတ်ပြန်ထားသည်။

မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသည် မိတ်ဆွေနိုင်ငံဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မစ္စ ဟီလာရီကလည်း မြန်မာ အပေါ်ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုသည် လူအခွင့်အရေး ချိုးဖောက်မှုနှင့် ဒီမိုကရေစီရေး ဖိနှိပ်မှုများကြောင့်ဖြစ်ပြီး မြန်မာဘက်က ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်သွားလျှင် အဆိုပါကိစ္စ ရုပ်သိမ်းပေးရန် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် မြန်မာအစိုးရတို့၏ ဆက်ဆံရေး ကဏ္ဏသစ် စတင်လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ အစဉ်အလာ မိတ်ဆွေဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ထိခိုက်မည် မဟုတ်ကြောင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေစစ် မိတ်ဆွေမှန်များဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Li Junhua နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

0 comments: