စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 11, 2011

ရန်ကုန်မြို့တွင်းလမ်းများ၊ ခုံးကျော်များအား BOT ဖြင့် လမ်းအသုံးပြုခကောက်ခံမည်ဆိုသော ထွက်ပေါ်နေသည့် သတင်းများအပေါ် မြို့နေလူထု ကန့်ကွက်



ရန်ကုန်မြို့တွင်း လမ်းများ၊ ခုံးကျော်များအား B.O.T စနစ်ဖြင့်ရယူ ကာ ပုဂ္ဂလိကကုမ္ပဏီကြီးများမှလမ်း အသုံးပြုခကောက်ခံရန် စီစဉ်နေသည်ဆိုသော သတင်းအပေါ် မြို့နေလူထုမှ ကန့်ကွက်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အတွင်း နေထိုင်သူ များက ပြောကြားခဲ့ကြသည်။

ရန်ကုန်မြို့တွင်းရှိ လမ်းများ ဖြစ်သော ဘုရင့်နောင်လမ်း(ပါရမီ လမ်းအပိုင်းမှ မှော်ဘီအထိ)၊ ခရေ ပင်လမ်း(သုဓမ္မာလမ်းဘက်အပိုင်း)၊ ရှုခင်းသာမြို့ပတ်လမ်း(မဟာဗန္ဓုလ တံတားအဆင်းအထိ)အပိုင်းတို့အား ပုဂ္ဂလိက ကုမ္ပဏီများကို B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးရန် ညှိနှိုင်းလျက်ရှိ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာန၏ တာဝန်ရှိသူတစ်ဦး ထံမှ သိရှိရသည်။ ပုဂ္ဂလိကကုမ္ပဏီများမှ လမ်းပိုင်းများအား တာဝန်ယူပြုပြင်ပြီး လမ်းအသုံးပြုခ ပြန်လည်ကောက်ခံမည့် အစီအစဉ်ဖြစ်ပြီး လမ်းပိုင်းများအား လွှဲပြောင်းလုပ်ကိုင်ရန်အတွက် မက်စ်မြန်မာကုမ္ပဏီ၊ ရွှေသံလွင် စသော ကုမ္ပဏီများနှင့် ညှိနှိုင်းနေပြီး လွှဲပြောင်းပေးမည့် လမ်းမိုင် ၁၀၀ နီးပါးခန့်ရှိကြောင်း သိရှိရသည်။

''ရန်ကုန်မြို့က လမ်းပိုင်းအချို့ကို ပုဂ္ဂလိကုမ္ပဏီတွေကို B.O.T စနစ်နဲ့ပေးဖို့ ညှိနှိုင်းနေပါတယ်။ ဘုရင့်နောင်လမ်း၊ ခရေပင်လမ်း၊ ရှုခင်း သာလမ်းအပိုင်းတွေကို လောလောဆယ်မှာ ပေးဖို့ ဆွေးနွေးနေတယ်။ လမ်းပိုင်းတွေကို ပေးမဲ့ ကုမ္ပဏီတွေထဲမှာ မက်စ်မြန်မာ၊ ရွှေသံလွင်စတဲ့ ကုမ္ပဏီတွေပါတယ်။ ဘယ်ကုမ္ပဏီကို ပေးမယ်ဆိုတောတော့ ညှိနှိုင်းနေတုန်းဖြစ်တဲ့အတွက် မသိနိုင်သေးဘူး။ သူတို့ကုမ္ပဏီတွေဘက်က ဒီလမ်းတွေအပြင် အခြား လမ်းအချို့ကိုလည်း လုပ်ဖို့တောင်းဆိုတာ ရှိသေးတယ်။ အဲဒီထဲမှာ ကမ်းနားလမ်းတို့၊ ဝေဇယန္တာလမ်းတို့တောင်ပါတယ်။ ကုမ္ပဏီတွေကို လမ်းတွေ လွှဲပြောင်းပေးပြီး ပြီဆိုရင်တော့ အဲဒီလမ်းတွေကိုသူတို့ ပြုပြင်ပေးမယ်။ ထိန်းသိမ်းပေးမယ်။ အဲဒီအတွက် လမ်းအသုံးပြုခကို ကောက်ခံမှာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ညှိနှိုင်းမှုများ အဆင်ပြေပါက အဆိုပါလမ်းပိုင်းများအား ယခုလပိုင်းများအတွင်း သို့မဟုတ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကုန်တွင် လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့မှ ပဲခူးဘက်သို့ ဆက်သွယ်သွား လာသည့် အမှတ်(၂) လမ်းမကြီး(တောင်မြောက်လမ်းဆုံမှ လေးထောင့်ကန်အထိ) ကိုလည်း မက်စ်မြန်မာကုမ္ပဏီအား လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်၌ပင် ရန်ကုန်မြို့အတွင်း၌ရှိနေသော ကောက်ခံမှုမပြုသင့်သည့် ဘုရင့်နောင်တံတား၊ ရွှေပြည်သာတံတား၊ သန်လျင်တံတား၊ အောင်ဇေယျတံတားများကို ဖြတ်သန်းသွားသည့်ကားများအား အိမ်စီးကားများပါမချန်ထားဘဲ တံတားအသုံးပြုခများ ကောက်ခံနေသည့် အတွက် မြို့နေလူထု အခက်ကြုံရမှုများ ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

''အခြေခံလူတန်းစားအများစု နေ့စဉ် အားထားသွားလာနေရတဲ့ ဘုရင့်နောင်တံတား၊ သန်လျင် တံတား၊ ရွှေပြည်သာတံတား၊ အောင် ဇေယျတံတားတွေက ကောက်ကို မကောက်သင့်တာ။ ဒါကိုအိမ်စီးကား တွေပါမချန်ဘူး အကုန်ကောက်တယ်။ အခုထပ်ပြီး ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြို့တွင်းလမ်းတွေပါ ထပ်ကောက် မယ်။ ဆိုတာတော့ မလုပ်သင့်သေး ဘူး။ B.O.T စနစ်ဆိုလို့ ပြောရဦး မယ်အကောင်းဆုံးဥပမာပေးပြမယ်။ ရန်ကုန်-မန္တလေး လမ်း၊ အမြန်လမ်း မဟုတ်ဘူး အရင်လမ်းမှာ ကားတွေ အကုန်လုံး လမ်းအသုံးပြုခကောက် ပေမယ့်လမ်းကတော့ ထူးမလာဘူး။ ရန်ကုန်-ပုသိမ်လမ်းကိုလည်း သွား ကြည့်ကြပါသိပါလိမ့်မယ်။ ရှိပြီး သား ကတ္တရာလမ်း တွေကို B.O.T နဲ့ယူပြီး ဟိုဖာဒီဖာ၊ ဟိုခင်းဒီခင်းနဲ့ လုပ်ငန်းရှင်ပဲ ကောင်းစားမယ့်စနစ် မျိုးကိုတော့ ကန့်ကွက်ပါတယ်။ ကန့်ကွက်တယ်ဆိုတာ တစ်ကယ် လုပ်ဖြစ်ရင်ပြောတာပါ''ဟု ရန်ကုန်မြို့ခံ ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။

''ဘယ်နိုင်ငံမှာမှ မြို့တွင်းလမ်းတွေကို ဒီလိုကောက်တာမတွေ့ဘူးဖူး။ စင်ကာပူမှာ လမ်းတွေ နှစ်ထပ်၊ သုံးထပ်လုပ်ထားတယ်။ အဲဒီ Fly Over ကသွားမှ ကောက်တာပါ။ အောက်ဆုံးရိုးရိုးလမ်းကသွားရင် မကောက်ဘူး။ ဒီမှာလည်း အဲဒီလိုဒေါ်လာဘီလျံနဲ့ချီမြှုပ်နှံပြီး Fly Over တွေ ဆောက်ပေးမယ်။ စင်ကာပူမှာလို လမ်းတွေကကောင်းပြီး သွားလာရတာ စိတ်ချမ်းသာမယ်ဆိုရင်တော့ ပေးမယ်။ ကောက်ပါ။ နောက်တစ်ချက်က ဥပမာ ရန်ကုန်-ပုသိမ်လမ်း အပါအ၀င် ဧရာဝတီတိုင်းဒေသကြီးအတွင်းက လမ်းအများစုဟာ ၁၉၈၈ နောက်ပိုင်းမှာ တစ်အိမ်ကို မြေကျင်း ၁ ကျင်း၊ ၂ ကျင်း၊ ၁၀ ကျင်း လုပ် အားပေးနဲ့တူးပြီး ကိုယ့်အားနဲ့ကိုယ် ဖောက်ထားတဲ့ လမ်းတွေပါ။ ဒီလမ်းတွေပေါ်မှာ ပြင်ဆင်ရုံ၊ ထိန်းသိမ်းရုံနဲ့ လမ်းတံတားကြေးတွေကို ကိုယ် ပြင်ဆင်ရတဲ့ ကုန်ကျစရိတ်လည်းကျေ၊ ဒီထက်လည်းမြတ်အောင် နှုန်းအမျိုးမျိုးပြင်ဆင်ပြီး ကောက်တယ်လေ။ လမ်းကတော့ တစ်နေရာကောင်းလိုက် နောက်တစ်နေရာပျက်လိုက်နဲ့ တကယ်ပြင်ဆင်လို့လား။ ကျွန်တော်တို့ မသင့်တော်တဲ့အတွက် သဘောမတူပါဘူး'ဟု ရန်ကုန်မြို့နေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်ကြင်က ပြောကြားခဲ့သည်။ ''အခုတောင် မြို့ထဲကနေမြို့ပြင်ကို ကားနဲ့ထွက်ဖို့ တော်တော်ကြောက်နေပြီ။ လမ်းတံတားကြေးတွေ နေရာတကာမှာ ရှိနေလို့။ ဒါကိုမြို့တွင်း ကိုထပ်ကောက်မယ်ဆိုရင်တော့ လက်မခံချင်ဘူး။ လမ်းတွေကို လုံးဝကောင်း အောင် ပြင်ဆင်ပေးမယ်ဆိုရင်တော့ လုပ်ပါ။ အောင်မင်္ဂလာ ဘက်ကို သွားတဲ့လမ်းဆိုပါတော့ ဒါကိုလမ်းအသုံးပြုခကောက်မယ်ဆိုရင် ကားသမားက စိုက်ပေးမှာမဟုတ်ဘူး ခရီးသည်တွေ ပြည်သူတွေပဲ ပေးရဦးမှာပါ။ ဒါကို ထည့်သွင်းစဉ်းစားပါ။ အများအတွက်ပဲ စဉ်းစားပါ၊ လုပ်ငန်းရှင်အတွက် မစဉ်းစားပါနဲ့'' ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်သူ က ပြောကြားခဲ့ပါသည်။

''ကုန်ကားသမားတွေကြောင့် လမ်းတွေပျက်တယ်၊ အဲဒီအတွက် ကုန်ကားသမားတွေကို အာဆီယံ စံနှုန်းအတိုင်းပဲ ကုန်တင်ပါ၊ ၁၄ ဘီး ကုန်ကားလည်း ခွင့်မပြုဘူး။ လမ်းတံတား အသုံးပြုခကျတော့လည်း အာဆီယံစံနှုန်း ထက်တောင် ပိုကောက်ထားပါသေးတယ်။ ဒါပေမယ့် လမ်းတွေကတော့ အာဆီယံစံနှုန်းမီရဲ့လား။ ကုန်ကားသမားတွေ ကုန်ပိုတင်ပြီး မြို့ထဲလမ်းတွေသွားလို့ မြို့ထဲလမ်းပျက်တယ်။ အဲဒီအတွက်တော့ ကုန်ကားသမားတွေ ကို မြို့ထဲလမ်းပါ ကောက်မယ်ဆိုတာထက် ကုန်ကားသမားတွေကို အာဆီယံစံနှုန်းနဲ့အညီကောက်၊ စံနှုန်းနဲ့အညီ တင်ခွင့်ပြု၊ ပြီးရင် လမ်းကိုကောင်း အောင်လုပ်ပေးပါ။ ကုန်ကားဘက်က လွန်တာလည်း ရှိမှာပါ။ ကျွန်တော် ပြောချင်တာက ဒီလိုလုပ်ငန်းရှင်ကို ပေးတာထက် ကျွန်တော်တို့ဘီးခွန်ကို အခုထက် အများကြီးပိုဆောင်မယ်၊ ညအိပ်ခွန်ကို နောက်ထပ်အဆနဲ့ ပိုဆောင်ပေးမယ်။ ယာဉ်ရပ်နားခကို တူတူတန်တန်ပေးမယ်။ လုပ်ငန်းရှင်ကို တော့ လမ်းအသုံးပြုခ မကောက်ခံခိုင်းပါနဲ့တော့။ ဘာကြောင့်လဲဆိုတော့ အခုကုန်ထွက်တဲ့လမှာ ၁၄ ဘီးတွေကုန်မတင်ရတော့ တဲ့အတွက် ကုန်ကားရှားပြီး ကုန်အပြည့်အ၀ မတင်နိုင်လို့ ကုန်တင်ခဈေးတက်တယ်။ တစ်ပိဿာကို ကျပ် ၇၀ ကနေ ကျပ် ၁၀၀ ဖြစ်သွားပြီ။ ဘယ် သူနာလည်း ပြည်သူပဲနာတာပါ။ ကျွန်တော်တို့လည်း ကုန်ကားလုပ်ငန်းရှင်ဆိုပေမယ့် တခြားပြန်ဝယ်စားသောက်နေထိုင်တဲ့အခါ ကျွန်တော်တို့လည်း စားသုံးသူ အနေနဲ့ ပြန်ပေးရပြန်တာပဲ။ မြို့တွင်းလမ်းတွေပါကောက်ရင် ကုန်စည်ဈေးနှုန်းက သယ်ယူစရိတ်ကို လိုက်ပြီးတက်၊ အများနစ်နာဖြစ်လာမှာပါပဲ။ ဒီလိုဖြစ်လာမယ်ဆိုရင် အများကသဘောမတူဘဲ ကန့်ကွက်တာပဲ များမှာပေါ့'' ဟု ကုန်ကားလုပ်ငန်းရှင် ဦးကိုကိုနိုင် က ပြောပြခဲ့သည်။


''အခုတောင်လမ်းတွေ ပိတ်နေတာ၊ ထပ်ပြီး လမ်းတံတားကြေးကို ဂိတ်ထိုးကောက်ရင် အချိန်တွေကြာပြီး အလုပ်တွေ အကုန်ပျက်ကုန်မယ်။ စင်ကာပူလိုဖြစ်ချင်ရင် စင်ကာပူလို ကတ်စနစ်နဲ့၊ ဆင်ဆာ စနစ်နဲ့ကောက်၊ စင်ကာပူလို ဒေါ်လာဘီလျံချီပြီးကုန်ကျတဲ့စနစ်ကျတဲ့ Fly Over တွေဆောက်ပြီးမှ ကောက်ပါ။ လမ်းတွေတံတားတွေ ထိန်းသိမ်းပြုပြင်ဖို့ ခုံးကျော်ဆောက်ဖို့ ငွေမရှိရင် ပြည်ထောင်စုအစိုးရဆီက ဘတ်ဂျက်တောင်းဆောက်။ ဒါမှမဟုတ် အခုကားတင်သွင်းမှုကရတဲ့ အခွန်နဲ့ ပြန်ဆောက်ပါ။ ဒါမှမဟုတ် နိုင်ငံခြားကနေ အမေရိကန်ဒေါ်လာ ဘီလျံချီပြီး မြှုပ်နှံမယ့်သူကိုရှာဆောက်ပြီး မှကောက်ပါ။ ဒီလိုမဟုတ်ဘဲ လူထုလိုအပ်တဲ့ လမ်းအဆင့်အတန်းမျိုး မဆောက်ပေးဘဲ လမ်းတံတားကြေးပဲ ကောက်မယ်ဆိုရင် လူထုအပေါ်ပိုပြီး ဖိစီးစေတဲ့လုပ်ရပ် ဖြစ်သွားမှာပါ။ တကယ်လို့ တိုင်းဒေသကြီးမှာလည်း ဘတ်ဂျက်မရှိ၊ ပြည်ထောင်စုအစိုးရ မှာလည်းမလုံလောက်ရင် ကျွန်တော်တို့ ကားစီးတဲ့သူတွေကို ဘီးလိမ့်ခွန်၊ ကားညအိပ်ခွန်၊ ယာဉ်ရပ်နားခတွေကို အခုထက်ပိုကောက်ပြီး ဆောက်ပါ။ ယာဉ်ပိုင်ရှင်တွေ အခုဆောင်နေရတဲ့ ဘီးခွန်၊ ညအိပ်ခွန်၊ ယာဉ်ရပ်နားခတွေကလည်း ဖိစီးလောက်တဲ့အနေ အထားမရှိလို့ တိုးကောက်ပြီးလုပ်သင့်တယ်။ တစ်ကယ်ကောက်ခံမယ်ဆိုရင် တစ်ကယ်လုပ်ဖြစ်မယ်ဆိုရင်၊ လုပ်ငန်းရှင်ကောင်းစားပြီး ပြည်သူနစ်နာမယ်ဆိုရင် ကန့်ကွက်သွားမှာပါ။ '' ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မာန်သူရှိန်၊ ကျော်ထင်
''အခုတောင်လမ်းတွေ ပိတ်နေတာ၊ ထပ်ပြီး လမ်းတံတားကြေးကို ဂိတ်ထိုးကောက်ရင် အချိန်တွေကြာပြီး အလုပ်တွေ အကုန်ပျက်ကုန်မယ်။ စင်ကာပူလိုဖြစ်ချင်ရင် စင်ကာပူလို ကတ်စနစ်နဲ့၊ ဆင်ဆာ စနစ်နဲ့ကောက်၊ စင်ကာပူလို ဒေါ်လာဘီလျံချီပြီးကုန်ကျတဲ့စနစ်ကျတဲ့ Fly Over တွေဆောက်ပြီးမှ ကောက်ပါ။ လမ်းတွေတံတားတွေ ထိန်းသိမ်းပြုပြင်ဖို့ ခုံးကျော်ဆောက်ဖို့ ငွေမရှိရင် ပြည်ထောင်စုအစိုးရဆီက ဘတ်ဂျက်တောင်းဆောက်။ ဒါမှမဟုတ် အခုကားတင်သွင်းမှုကရတဲ့ အခွန်နဲ့ ပြန်ဆောက်ပါ။ ဒါမှမဟုတ် နိုင်ငံခြားကနေ အမေရိကန်ဒေါ်လာ ဘီလျံချီပြီး မြှုပ်နှံမယ့်သူကိုရှာဆောက်ပြီး မှကောက်ပါ။ ဒီလိုမဟုတ်ဘဲ လူထုလိုအပ်တဲ့ လမ်း အဆင့်အတန်းမျိုး မဆောက်ပေးဘဲ လမ်းတံတားကြေးပဲ ကောက်မယ်ဆိုရင် လူထုအပေါ်ပိုပြီး ဖိစီးစေတဲ့လုပ်ရပ် ဖြစ်သွားမှာပါ။ တကယ်လို့ တိုင်းဒေသကြီးမှာလည်း ဘတ်ဂျက်မရှိ၊ ပြည်ထောင်စုအစိုးရ မှာလည်းမလုံလောက်ရင် ကျွန်တော်တို့ ကားစီးတဲ့သူတွေကို ဘီးလိမ့်ခွန်၊ ကားညအိပ်ခွန်၊ ယာဉ်ရပ်နားခတွေကို အခုထက်ပိုကောက်ပြီး ဆောက်ပါ။ ယာဉ်ပိုင်ရှင်တွေ အခုဆောင်နေရတဲ့ ဘီးခွန်၊ ညအိပ်ခွန်၊ ယာဉ်ရပ်နားခတွေကလည်း ဖိစီးလောက်တဲ့အနေ အထားမရှိလို့ တိုးကောက်ပြီးလုပ်သင့်တယ်။ တစ်ကယ်ကောက်ခံမယ်ဆိုရင် တစ်ကယ်လုပ်ဖြစ်မယ်ဆိုရင်၊ လုပ်ငန်းရှင်ကောင်းစားပြီး ပြည်သူနစ်နာမယ်ဆိုရင် ကန့်ကွက်သွားမှာပါ။ '' ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မာန်သူရှိန်၊ ကျော်ထင်

0 comments: