ပျော်ရွှင်ခြင်းဆိုတာဘာလဲ?
လူတွေဟာ ပျော်ရွှင်ခြင်းဆိုတဲ့အရာတစ်ခုနောက်ကို မွေးကတည်းကနေ ကောက်ကောက်ပါအောင်လိုက်ခဲ့ကြတယ်။
နေပျော်တဲ့ဘ၀တစ်ခုကို ရွေးချယ်နိုင်ဖို့ရာ မျှော်လင့်ဆုတောင်းရတာတွေ၊ ပေးဆပ်စွန့်စားရတာတွေ၊ ကြိုးပမ်းအားထုတ်ရတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ သေချာအောင် ထပ်မေးချင်တယ်။
ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ။
ဘီယာကြော်ငြာတစ်ခုမှာပါတဲ့ သီချင်းကတော့ ရိုးရှင်းသောဘ၀ရဲ့ ပျော်ရွှင်မှုတဲ့။ ဟုတ်သလား? ဘီယာသောက်ရင် ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရသလား။
တစ်ချို့ကတော့ ခပ်ရှင်းရှင်းပြောကြတယ်။ ပိုက်ဆံသာရှိရင် ပျော်မှာပဲ ... တဲ့။ ဒါပေမဲ့ ပိုက်ဆံက လုပ်မပေးနိုင်တဲ့အရာတွေ အများကြီးရှိပါသေးတယ်။
လင်ခရူဆာကြီးနဲ့ သေဌေးကြီးကလည်း စိတ်ညစ်လိုက်တာလို့ ငြီးတယ်။ ဘတ်စ်စကားတိုးစီးဖို့ မှတ်တိုင်မှာစောင့်နေရတဲ့ စာရေးလေးကလည်း စိတ်မပျော်ဘူးတဲ့။
မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာမှာတော့ သုခဆိုတာလည်း ဝေဒနာပါပဲ။ သုခဝေဒနာတဲ့။
တစ်ချို့ကတော ပြောတတ်ကြတယ်။ ကလေးငယ်တွေရဲ့ ဘ၀ဟာ ပျော်စရာအကောင်းဆုံးတဲ့။ ဒါဆို လူလားမြောက်လာရခြင်းကပဲ ပျော်ရွှင်မှုအတွက် ဆန့်ကျင်ဘက် ကျိန်စာတစ်ခုလို ဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ မထော်မနှမ်းမေးခွန်းတစ်ခု မေးမယ်။ ကလေးတွေကို ပျော်တယ်လို့ ဘယ်သူပြောသလဲ?
ဟာ အမြင်သာကြီးပဲလေ ကလေးတွေဆိုတာ ရယ်မောလွယ်ကြတာပဲ။ လွတ်လပ်အပြစ်ကင်းကြတာပဲလို့ ဖြေကောင်းဖြေပါလိမ့်မယ်။ သူရူးတွေလဲ ရယ်မောလွယ်ကြတာပါပဲ။ သူတို့ကိုရော ပျော်တယ်လို့ ပြောနိုင်ပါသလား။
ပျော်ရွှင်ခြင်းနဲ့ နီးစပ်ဖို့ သူရူးတစ်ယောက်လို ဦးဏှောက်၊ ကလေးတစ်ယောက်လို မရင့်ကျက်မှုဆီ ပြန်သွားရမယ်လို့ ထင်ပါသလား?
ဒါဆို ပျော်ရွှင်ခြင်းဆိုတာ မပြည့်ဝခြင်းနဲ့ ဆက်စပ်နေတယ်လို့ ထင်စရာပါပဲ။
ပန်းခြံထဲ ရယ်သံတွေ အပြည့်နဲ့ ခုန်ပေါက် ဆော့ကစားနေတဲ့ကလေးငယ်တစ်ယောက်ကို ငေးကြည့်ရင်း ကျနော်တို့တွေ ငိုချင်းချရတော့မလိုပါပဲ။
အခုတင်ပြမှာက ပြည့်ဝတဲ့ပျော်ရွှင်ခြင်း ဖြစ်ပါတယ်။
အရစ္စတိုတယ်ရဲ့ အတွေးအခေါ်အရ ပျော်ရွှင်မှုဟာ ပြည့်စုံခြင်းနဲ့ ယှဉ်တွဲနေတယ်။ ပျော်ရွှင်မှုဆိုတာ ပြည့်စုံတဲ့ ကောင်းမြတ်ခြင်းတရားတဲ့။ လူတစ်ယောက်မှာ လိုချင်တောင့်တစရာ ဘာမှ မကျန်တော့ဘူးဆိုရင် ဒါဟာ ပျော်ရွှင်သူတစ်ယောက်လို့ သတ်မှတ်နိုင်လိမ့်မယ်။
လူသားတစ်ယောက်ရဲ့ အခြေခံလိုအင်တွေအားလုံး ပြည့်စုံသွားသူကို ပျော်ရွှင်သူလို့ ခေါ်တာပါပဲ ... တဲ့။
ဒီလိုဆိုတော့ ပျော်ရွင်ခြင်းကို ရုပ်ပိုင်းဆိုင်ရာ အမြင်နဲ့ကြည့်သလို ထင်သွားစရာရှိတယ်။ လူသားရဲ့ အခြေခံလိုအင်တွေဆိုတာက ရုပ်ဝတ္ထုပစ္စည်းတွေ ဖြစ်နေတတ်တာကိုး။ ဒါပေမဲ့ ဘယ်လို ရုပ်ဝတ္ထုပစ္စည်းတွေကို ဘယ်အတိုင်းတာလောက်ထိရရင် ပြည့်စုံတယ်လို့ ခေါ်မလဲ။
ဘယ်လောက်ရရ မရရ ပြည်စုံတယ်ဆိုတာ စိတ်ရဲ့ ပိုင်းဖြတ်မှုတစ်ခုပါပဲ။ ဘာမှမရှိလဲ ဘာကိုမှ ထပ်လိုလားမနေတော့ရင် ဒါဟာ ပြည့်စုံခြင်းပေပေါ့။ ရောင့်ရဲတတ်ခြင်းလိုအပ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့်လဲ မြတ်ဗုဒ္ဓက ပိုင်ဆိုင်မှုအားလုံးကို စွန့်ပြီး တောထွက်ခဲ့တာ ထင်ပါရဲ့။
အရစ္စတိုတယ်ရဲ အမြင်ကို ဆက်ပါဦးမယ်။ ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးနိုင်တဲ့ ကောင်းခြင်းတရားတွေဟာ ... ချမ်းသာကြွယ်ဝမှု၊ ကျန်းမာရေးကောင်းမှု စတာတွေ ပါသလို အချစ်၊ ဂုဏ်သိက္ခာ၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုတွေလဲ ပါသတဲ့။ သိနားလည်ခြင်း ဥာဏ်ပညာရှိခြင်းဆိုတဲ့ အရည်အချင်းတွေလည်းပါဝင်တယ်လို့ဆိုတယ်။
လူတစ်ယောက် လူပီသစေဖို့အတွက် အခြေခံလိုအပ်ချက်တွေပေါ့။ တနည်းပြောရရင်တော့ ဒါတွေဟာ လူတစ်ယောက်အတွက် ပျော်ရွှင်မှုဆီသွားတဲ့ လှေကားထစ်တွေလိုလဲ အရစ္စတိုတယ်က ယူဆခဲ့ပါတယ်။
လူတိုင်းလိုလို ပျော်ချင်တယ်လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ဘာလို့ ပျော်ချင်လဲလို့ မေးရင် ဘယ်လိုဖြေမလဲ? တကယ်တမ်းမှာ ဒီ့အတွက် ဆင်ခြေမရှိပါဘူး။ ပျော်ချင်လို့ ပျော်ချင်တယ်လို့ပဲဖြေရတော့မှာပါ။ ပျော်ရွင်ခြင်းကိုယ်နှိုက်က ကျနော်တို့ လူသားတွေရဲ့ အန္တိမ ပန်းတိုင်ပါပဲ ... လူသားအားလုံး အလိုရှိအပ် တောင့်တအပ်တဲ့ အမြတ်ဆုံးဆုဖြစ်တယ်လို့ အရစ္စတိုတယ်က အမြင်ရှိခဲ့ပါတယ်။
ပလေတိုကျတော့ ပျော်ရွှင်ခြင်းကို စိတ်ပိုင်းသက်သက် ယူဆတယ်။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အမြင်ကဲတယ်လို့ ပြောရမလား။ ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားမြင့်မြတ်ခြင်းကပဲ ပျော်ရွှင်ခြင်းဖြစ်တယ်လို့ မြင်ပါသတဲ့။ ကိုယ်ကျင့်တရားကောင်းမြတ်သူကို ဘယ်ပြင်ပ အကြောင်းတရားကမှ မပျော်ရွှင်အောင် မတားမြစ်နိုင်ဘူး ဆိုတယ်။
ဂျာမာန်တွေးခေါ်ရှင် ကန့်ရဲ့ အတွေးအမြင်ကျတော့ တစ်မျိုး။ ပျော်ရွှင်ခြင်းဆိုတာ လူသားရဲ့ ပန်းတိုင် မဖြစ်သင့်ဘူးလို့ သူမြင်တယ်။ ပျော်ရွှင်ခြင်းဆိုတာကို လိုက်လံမရှာဖွေသင့်ဘူး။ ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေတာကိုက မှားနေပြီ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်တယ်။ လူမှာ အဓိက လိုအပ်တဲ့ စံနှုန်းတွေက တာဝန်ဝတ္တရားနဲ့ ရပိုင်ခွင့်။ ဒါတွေရဲ့ ဘောင်အပြင်ကိုကျော်ပြီး ပျော်ရွှင်မှုကို လိုက်ရှာတာဟာ တစ်ကိုယ်ရေ ကျေနပ်နှစ်သိမ့်မှုကို ရှေ့တန်းတင်ခြင်းဖြစ်တယ်လို့ ဆိုတယ်။
လူရဲ့ လိုက်နာရမယ့် ကိုယ်ကျင့်တရားဆိုတာ ပျော်ရွှင်ဖို့သက်သက် ချမှတ်ထားတာ တည်ရှိနေတာ မဟုတ်ဘူး။ လူမှန်ရင် မဖြစ်မနေလုပ်ကိုလုပ်ရမယ့် တရားတွေဖြစ်တယ်။ ဒါကြောင့် ပျော်ရွှင်ခြင်းကို ပန်းတိုင်အဖြစ်ထားရင် ကိုယ်ကျင့်တရားနဲ့ လွဲချော်သွားပြီ။ ပျော်ရွှင်ခြင်းဆိုတာ ပန်းတိုင် မဟုတ်ဘူး။ လုပ်ရပ်မဟုတ်ဘူး။ ရလာဒ်သာ ဖြစ်လိမ့်မယ် ... တဲ့။
အဓိပ္ပါယ်ကတော့ ကိုယ်ကျင့်တရားရဲ့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ တာဝန်ဝတ္တရားတွေ ရပိုင်ခွင့်တွေအတိုင်း လိုက်နာလုပ်ဆောင်သွားတဲ့အခါ ပျော်ရွှင်ခြင်းဆိုတာ ရရှိလာမယ့် ဆုလာဘ်တစ်ခုလို့ ဆိုလိုချင်ပုံပါပဲ။
ကျနော်တို့ လူသားတွေဟာ ပျော်ရွှင်မှုအတွက် ရည်ရွယ်ပြီး မလုပ်ဆောင်သင့်ဘူး။ ပျော်ရွှင်မှုနဲ့ ထိုက်တန်အောင်သာ နေထိုင်ကျင့်ကြံသင့် ... သတဲ့။
ပျော်အောင်နေမယ်၊ ပျော်အောင်လုပ်မယ်ဆိုတာမျိုးထက် လုပ်စရာရှိတာ ကျေပွန်အောင်လုပ်နေခြင်းကပဲ ပျော်ရွှင်ခြင်းဆုလာဒ်ဆိုက်ရောက်လာဖို့ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။
[နောက်တစ်ပိုင်းမှာ ပျော်ရွှင်ခြင်းနဲ့ကိုယ်ကျင့်တရားအကြောင်း ဆက်လက်ဆွေးနွေးပါမယ်။]
Ref; Dr. Mortimer J. Adler: Great Ideas From the Great Books
သွန်းနေစိုး Thorn Nay Soe
0 comments:
Post a Comment