စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 26, 2011

၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် Koichiro Gemba လာရောက်



၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် Koichiro Gemba သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များ တိုးတက်မှုများအတွက် အားတက်မိကြောင်း မြန်မာနိုင်ငံသို့ မလာရောက်မီ ပြောကြားထားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွှတ်ပေးရန်နှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပရန်တို့ကိုလည်း ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၄၅ မိနစ်ခန့် ကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့သည် ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က "ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တာဟာ လွန်ခဲ့တဲ့ ကိုးနှစ်ကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတို့နဲ့လည်း တွေ့ဆုံဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် အစရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ နောက်ပြီး ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကို တိုးတက်အောင် လုပ်နေတဲ့ကိစ္စ ဒါတွေကို လုပ်နေတာ ကောင်းကောင်း အကဲခတ်ခွင့် တန်ဖိုးထားနေပါတယ်။ မြန်မာအစိုးရရဲ့ ဒီလိုလုပ်ဆောင်မှုကို တတ်နိုင်သမျှ ဂျပန်အစိုးရအနေနဲ့ ၀ိုင်းဝန်းပြီးတော့ ကူညီအားပေးချင်တဲ့ ဆန္ဒရှိပါတယ်။ ဂျပန်ပြည်က ဒီလိုအားပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြတာ ဖြစ်ပါတယ်။ ပထမအချက် လူသားချင်းဖလှယ်မှုကဏ္ဍနဲ့ ပတ်သက်ပြီးပြောရရင် သမ္မတဦးသိန်းစိန်ကို ဂျပန်ပြည်ကို ဖိတ်ခေါ်ဖို့၊ လာမယ့်နှစ်မှာ ဂျပန်ပြည်မှာ ကျင်းပမယ့် ဂျပန်-မဲခေါင်ထိပ်သီး အစည်းအဝေးကို သမ္မတတက်ရောက် ပါဝင်အောင် ဖိတ်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်ပြည်ကို လာရောက်လည်ပတ်အောင် ဖိတ်ခေါ်တာဖြစ်ပါတယ်။ သမ္မတကလည်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှေ့ကို ကျွန်တော်တို့ မျှော်လင့်ချက်ထားလို့ရတဲ့ အဖြေရရှိပါတယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကဏ္ဍနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိနိုင်တဲ့ အခြေခံလူနေမှုကဏ္ဍကို ဗဟိုပြုပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲမှု ပပျောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့ကို အလေးအနက်ထားပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားပြည်သူတွေကို တိုက်ရိုက်အကျိုးပြုအောင် ဆိုပြီးတော့၊ သူတို့ရဲ့အနေအထိုင်ကို အလေးအနက် စဉ်းစားပါဆိုပြီးတော့ အကြံဥာဏ် ပေးပါတယ်။

ကျွန်တော်တို့ ဂျပန်နိုင်ငံအနေနဲ့လည်း human security ဆိုတဲ့အယူအဆကို တန်ဖိုးထားပါတယ်။ အဲဒါကြောင့် လူသားတွေကို အင်မတန်လေးစားပြီးတော့ သူတို့ကို ထိထိရောက်ရောက်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာကို ကောင်းကောင်းလုပ်ဆောင်မှာ ဖြစ်ပါ တယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နောက်တစ်ချက်ပြောရရင် အထွေထွေဖွံ့ဖြိုးမှုအတွက် လေ့လာမှုဆိုတာကို လုပ်ဆောင်တဲ့နေရာမှာ သီလ၀ါဆိပ်ကမ်း ရန်ကုန်နားမှာရှိတဲ့ အဲဒီဆိပ်ကမ်းကိုလည်း ပါဝင်ပြီးတော့ လေ့လာသုံးသပ်မှာ ဖြစ်ပါတယ်။ ဒါတွေကို သမ္မတဦးသိန်းစိန်ကနေပြီးတော့ အထူးမျှော်လင့်ချက်ထားပြီး တောင်းဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေကို အကူအညီနဲ့ ပတ်သက်ပြီး အရေးကြီးတယ်၊ မျှော်လင့်ချက်ထား တယ်ဆိုတဲ့ စကားရှိပါတယ်။ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြားမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချုပ်နိုင်အောင်ဆိုပြီး စတင်ပြီးညှိနှိုင်းဖို့ကို အစိုးရနဲ့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ သဘောတူညီချက် ရရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ စောစောကအကြံဥာဏ် ပေးတာက ဒီရင်းနှီးမြှုပ်နှံမှုတို့ကို အင်မတန်အရေးကြီးပေမယ့် ဒီမိုကရေစီရေးက ဆက်ပြီးတော့ တိုးတက်မှု ရှိတယ်ဆိုတာက capitalist ဆိုတာ မရှိအောင် အင်မတန်အရေးကြီးတယ်ဆိုတာ ဒါတွေဆွေးနွေးပြီး ကျွန်တော်လည်း အဲဒီလို စဉ်းစားနေတာကို ပြောချင်ပါတယ်။ ယဉ်ကျေးမှုကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရရင် ပုဂံမှာရှိနေတဲ့ ဗုဒ္ဓဘာသာ ပုထိုးစေတီတွေကို ပြုပြင်ဖို့ ကောင်းကောင်းထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေကို မကြာခင် ဖေဖော်ဝါရီလမှာ စေလွှတ်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန်က ဒီလိုတိုတိုလေးဖြစ်ပေမယ့် ကျွန်တော် စိတ်ထဲမှာ အထူးခံစားမိတာ တစ်ခု ရှိပါတယ်။ မြန်မာပြည်သူလူထု ရဲ့ မျက်နှာအနေအထားက အင်မတန်ကို ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်။ အနာဂတ်ရည်မှန်းချက်လည်း ရှိတယ်လို့ ကျွန်တော်ကိုယ်တိုင် ခံစားမိတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်သူလူထု လူနေမှုဘ၀မြှင့်တင်ရေးအတွက် ထိထိရောက်ရောက်ကို အဲဒါအကျိုးရှိဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်အစိုးရအနေနဲ့လည်း သင့်သင့်တော်တော်နဲ့ ၀ိုင်းပြီးတော့ ကူညီချင်တဲ့ဆန္ဒရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ ဒီနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်အရှေ့ပိုင်း မြေငလျင်ကြီးလှုပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ စာနဲ့အင်မတန်နွေးထွေးတဲ့ စိတ်မကောင်းစွာ နောက်ပြီး အားပေးတဲ့စကားကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုကျွန်တော်တို့ ဂျပန်နိုင်ငံက အရှိန်ရှိရှိနဲ့ ပြန်လည်ထူထောင်လျက်ရှိတာဆိုတာကို တကယ်လက်တွေ့လည်း လာရောက်ပြီးတော့ တွေ့ဆုံနိုင်တာ ဆိုတာကို ကျွန်တော်တို့ မျှော်လင့်ပြီးတော့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ အဲဒါကို မျှော်လင့်ရင်းနဲ့ နိဂုံးချုပ်ပါတယ်"ဟု စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မကလည်း ဒီလို ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရတာ အင်မတန်မှ ၀မ်းသာပါတယ်။ ကျွန်မတို့ နိုင်ငံနှစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးခဲ့တာကလည်း အင်မတန်မှ ကြာပါပြီ။ ဒါကြောင့်မို့လို့ နောင်လည်း အနာဂတ်မှာ ဆက်ပြီးတော့ ဒီချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းသွားနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဂျပန်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်မို့လို့ ကျွန်မတို့ မြန်မာနိုင်ငံက ဒီမိုကရေစီ ထူထောင်မှု ကြိုးပမ်းမှုတွေကိုလည်း အင်တိုက်အားတိုက်နဲ့ ထောက်ပံ့ပေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ကျွန်မ၀န်ကြီးကို ရှင်းပြခဲ့တာဟာ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေထဲမှာ ကျွန်မတို့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ တိုင်းရင်းသားလူမျိုးများအားလုံးကြားမှာ သွေးစည်းညီညွတ်ရေး ရှိဖို့အတွက်ကို လူသားမှုဆိုင်ရာဖွံ့ဖြိုးမှု အကူအညီတွေ ပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာလည်း တန်းတူညီတူပေးဖို့လိုတယ်ဆိုတာ ကျွန်မရှင်းပြခဲ့ပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအရေးနဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးဟာ ဆက်နွှယ်နေတယ်ဆိုတဲ့အကြောင်း ကျွန်မထောက်ပြပါတယ်။ ဒီမိုကရေစီအဆောက်အအုံတွေက ခိုင်မာမှလည်း ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုမှာ ခိုင်မာနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံအနေနဲ့ ကျွန်မတို့ကို လူသားချင်းစာနာရေးနဲ့ ပတ်သက်လို့၊ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ ကူညီတဲ့အခါမှာ ကျွန်မတို့ရဲ့ ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာရေးကို ထည့်သွင်းပြီးတော့ စဉ်းစားသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံ အချင်းချင်းကြားမှာလည်း ရင်းနှီးချစ်ကြည်မှုကို ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံသူ နိုင်ငံသားများ ဒုက္ခနဲ့ တွေ့ရတဲ့အခါကြရင် ကျွန်မတို့ကနေပြီးတော့ ထပ်တူပဲ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ ဘယ်နိုင်ငံကပဲလာလာ နောက်ဆုံးကြတော့ အားလုံးက လူသားတွေပါ။ ဒါကြောင့်မို့လို့ လူသားအချင်းချင်းပေါ်မှာ မေတ္တာစေတနာထားပြီးတော့ ကျွန်မတို့ လက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကို ဂျပန်နိုင်ငံကို လာလည်ဖို့ ဖိတ်ခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဂျပန်နိုင်ငံကို မရောက်တာ ကြာပါပြီ။ နောက်ထပ်လည်း သွားချင်တဲ့ ဆန္ဒအများကြီး ရှိပါတယ်။ ကျွန်မတို့ ဂျပန်နိုင်ငံကို ဒီတစ်ခါသွားပြီးလို့ရှိရင် နောက်မကြာမီကာလအတွင်းမှာ ကျွန်မတို့ မြန်မာနိုင်ငံလည်း ဒီလိုတိုးတက်နိုင်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ ကျွန်မသွားပြီး ကြည့်ချင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ယုံကြည်မှုအပြည့်နဲ့ ဒီမိုကရေစီလမ်းကို လျှောက်ဖို့ ကျွန်မတို့က သန္ဓိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။ ဒီလိုလမ်းကို လျှောက်တဲ့အခါမှာ ကျွန်မတို့ရဲ့ မိတ်ဆွေနိုင်ငံများ အားလုံးက ၀ိုင်းဝန်းပြီးတော့ မြန်မာနိုင်ငံကို ကူညီတဲ့နေရာမှာ ဂျပန်နိုင်ငံကလည်း ရှေ့ကနေ ရှိနေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်မပြောချင်တာကတော့ ကျွန်မတို့ ဒီမိုကရေစီ လှုပ်ရှားမှုကို နှစ် ၂၀ ကျော်ကာလအတွင်းမှာ ဂျပန်နိုင်ငံသူ နိုင်ငံသားတွေက အများကြီးအားပေးခဲ့ပါတယ်။ ဒီလို အားပေးမှုတွေအတွက် ကျွန်မတို့ အမြဲပဲ ကျေးဇူးတင်လျက်ရှိနေမှာပါလို့ ကျွန်မပြောချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်း လေးရက်ကြာမြင့်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံ ခရီးစဉ်အရ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ၏ ခရီးစဉ်သည် ၂၀၀၂ ခုနှစ် သြဂုတ်လတွင် လာရောက်ခဲ့သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoriko Kawaguchi ၏ ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ ခရီးစဉ်ဖြစ်သည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ကို ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အသစ်ပေးမှုအား တားမြစ်ထားမှုကို ဖယ်ရှားခဲ့သော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အကူအညီအပြည့်အ၀ မပေးနိုင်သေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ထောက်ပံ့မှုကို ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစသည့် နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အပြည့်အ၀ ပြန်လည်ပေးနိုင်ရေးအတွက် တရားဝင်ဖွံ့ဖြိုးရေး အကူအညီ မူဝါဒဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို နေပြည်တော်၌ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးညှိနှိုင်းပွဲ၌ မြန်မာအစိုးရသစ်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေး အကူအညီမူဝါဒများအပြင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ လက်ရှိစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒအရ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်း နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရပ်သားအုပ်ချုပ်သည့်စနစ်သို့ မကြာသေးမီက ပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံအတွက် ဈေးကွက်စီးပွားရေးနှင့် တည်ငြိမ်သည့်လူမှုရေးကို အခြေခံသည့် ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးသည် အရေးကြီးသည်ဟု ဂျပန်နိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ဖြစ်ပေါ်လာမှုကို စောင့်ကြည့်နေစဉ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရန် ရည်ရွယ်ပါကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၉ သန်း ရှိကြောင်း သိရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစာရင်းတွင် အဆင့် ၁၂ ၌ ရပ်တည်နေသည်။

0 comments: