စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, December 30, 2011

ဒီအခန်းကို တကယ်ဖြတ်ကြတော့မှာလား


ဒီအခန်းကို တကယ်ဖြတ်ကြတော့မှာလား
စိန်သံလုံး

“ဗိုလ်ချုပ်ဟာ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရိုက်ကူးရေးနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ၀ိုင်းဝန်းကူညီပေးဖို့ အဆင်သင့် ရှိပါတယ်” လို့ ၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်လုပ်ငန်း ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုလောက တိုးတက်ဖွံ့ဖြိုးရေးအတွက် မှာကြားတဲ့ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီး ငိုကျော်ဆန်းက ပြောကြားခဲ့ပါတယ်။

ဒါကလည်း သူ့စိတ်ထဲ ရင်ထဲက ပြောခဲ့တာမဟုတ်ပါဘူး။ မင်းသားကြီး ညွန့်ဝင်းက မေးလို့ မလွှဲသာ မရှောင်သာ ပြောလိုက်တဲ့ စကားပါ။ တကယ်တော့ ငိုကျော်ဆန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည် တို့ကို လူထုချစ်ခင်မှု များပြားနေတာကို မနာလိုဖြစ်ခဲ့သူပါ။ ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားခဲ့သလို သူ့သမီးကိုလည်း ရှုတ်ချခဲ့သူပါ။ အဲဒါကလည်း သူ့ပထွေးကြီး သန်းရွှေအလိုကျ နေပြသူ ဖြစ်တယ်ဆိုတာကို နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ရောက်လာတုန်းက တခြားဝန်ကြီးတွေနဲ့ မတူဘဲ ခန်းမထဲက ရှောင်ပြေးသူဆိုတဲ့ သက်သေက ထင်ရှားပါတယ်။

အဲဒီ ငိုကျော်ဆန်းက န၀တ၊ နအဖခေတ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ လူတွေထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူပြောခဲ့တဲ့ စကားတခွန်းကတော့ “ဒီမိန်းမ တိုင်းပြည်အတွက် မြက်တပင် နှုတ်ဖူးလို့လား” တဲ့၊ အဲဒီစကားကို မုံရွာခရိုင်က ကျေးရွာတွေကို ရောက်တိုင်း ပြောခဲ့တာပါ၊ သူတို့ကကော တိုင်းပြည်အတွက် ဘာလုပ်ပေးနေလို့လဲ၊ တိုင်းပြည်က အဆီအနှစ်တွေကို ရောင်းစား၊ ခွစားနေတာကြောင့် ခုဆို သံယံဇာတတွေ ကုန်လုနီးနီးဖြစ်နေပြီး မုံရွာခရိုင်က လူတွေနဲ့ သူ့ဇာတိ ပုလဲမြို့နယ်ကလူတွေ သူ့အကြောင်းကို ပိုပြီးသိပါတယ်။ လူပုသလောက် ဉာဏ်များသူလို့လည်း ကျော်ကြားခဲ့ပါတယ်။

သူကိုင်တွယ်ရတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာဆို သူထင်ရာစိုင်းခဲ့သူဖြစ်လို့ သူ့ကို မကျေနပ်ကြတဲ့ ၀န်ထမ်းတွေ တော်တော်များပါတယ်။ အဓိက မကျေနပ်မှုကတော့ ဌာနမှာ အရေးပါတဲ့ ရာထူးခန့်ထားရာမှာ နှစ်နဲ့ချီပြီး မျှော်လင့်ချက်နဲ့ ကြိုးစားနေတဲ့ အရပ်သားဝန်ထမ်းတွေကို တယောက်မှ နေရာမပေးခဲ့တာပါပဲ။ အရေးပါတဲ့ ရာထူး၊ စားပေါက်ချောင်မယ့် ရာထူးတွေကို သူ့တပည့် တပ်ထွက်တွေပဲ နေရာပေးတာပါ။ သတင်းစာတိုက်တွေမှာတောင် ပညာရှင်မဟုတ်တဲ့ ဗိုလ်ကြီးဟောင်း၊ ဗိုလ်မှူးဟောင်း သူ့တပည့်တွေကိုပဲ နေရာပေး၊ ရာထူးတိုးပေးခဲ့တာမို့ ၀န်ထမ်းများရဲ့ လေးစားယုံကြည်မှုနဲ့ ကင်းကွာခဲ့သူပါ။

အလားတူပါပဲ ပညာရှင်များသာ လုပ်လို့ရတဲ့ မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဗဟိုပုံနှိပ်တိုက်လို နေရာမျိုးတွေမှာလည်း ပညာရှင်တွေထက် တပ်ထွက်ဗိုလ်ကြီးဟောင်း ဗိုလ်မှူးဟောင်းတွေပဲ နေရာပေးခဲ့တာ ခုချိန်ထိပါပဲ။ သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဗဟိုပုံနှိပ်တိုက် ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွန်ကြားရေးမှူးချုပ်တွေဟာ သူ့တပည့် တပ်ထွက် ဒု-ဗိုလ်မှူးကြီးဟောင်း ဗိုလ်မှူးကြီးဟောင်းများပဲဆိုတာ ဒီနေ့အထိ စစ်ဆေးကြည့်လို့ရပါတယ်။ ၀န်ကြီးရုံးက ရုံးအဖွဲ့မှူးဆိုတာ ဒု-ညွန်ကြားအဆင့်ရှိသူဖြစ်လို့ ၀န်ကြီးရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမြင့်ထွေးကိုပဲ နေရာပေးခဲ့ပါတယ်။

ငိုကျော်ဆန်း ပြန်ကြားရေးဝန်ကြီး မဖြစ်ခင်က ပိုင်ဆိုင်မှုနဲ့ ပြန်ကြားရေးဘ၀ ပိုင်ဆိုင်မှုတွေက ခုဆို တော်တော်ကွာသွားပါပြီ။ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ဆင်ဆာဖြတ်တောက်မှုကို တာဝန်ယူရတဲ့ ဗိုလ်မှူးဟောင်း သိန်းထွန်းအောင်နဲ့အဖွဲ့ရဲ့ မသမာမှု၊ လာဘ်စားမှု၊ ဘက်လိုက်မှု၊ စာနာညှာတာခြင်းကင်းမှုတွေကို တိုင်ကြားရင်လည်း ငိုကျော်ဆန်းက အရေးမယူပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလူတွေက သူ့ကို လုပ်ကျွေး ရှာကျွေးနေလို့ပါပဲ။


ငိုကျော်ဆန်းကို ရှာကျွေးနေတဲ့ ဗိုလ်မှူးဟောင်း သိန်းထွန်းအောင်

ဒီထက်ရှင်းတာ တခုကို သက်သေပြပါ့မယ်။ ၁၀-၁၂-၂၀၁၁ နေ့က ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံပွဲမှာ အမှန်တကယ် အကြံပြုစာတမ်း တင်ခဲ့ကြတဲ့ ဒါရိုက်တာမောင်မျိုးမင်းနဲ့ သရုပ်ဆောင်ဇင်ဝိုင်းတို့ကို ဖိတ်ကြားခြင်းမပြု၊ တက်ရောက်ခွင့်မရှိ ဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်က ဆင်ဆာကိစ္စ ပြင်းပြင်းထန် ဝေဖန်အကြံပြုစာတမ်း တင်ခဲ့ကြလို့ပါပဲ။ အဲဒါ ငိုကျော်ဆန်းရဲ့ ကြီးမားပြင်းထန်တဲ့ အငြိုးအတေးတခုဆိုတာ ပေါ်လွင်ပါတယ်။

ငိုကျော်ဆန်းရဲ့အကျင့်တခုကတော့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကသားတွေကို သူ့လက်အောက်က လူတွေလို အပေါ်စီး ဆက်ဆံခြင်းပါပဲ။ သူ စီမံတာပဲ နာခံရမယ်၊ သူပြောတာပဲ နားထောင်ရမယ်ဆိုတဲ့ တဖက်သတ် အနိုင်ကျင့်တဲ့ စိတ်ဓာတ်ပါပဲ။ ဥပမာတခုပေးပြီး ပြောရရင်တော့ စာနယ်ဇင်းဥပဒေ သတ်မှတ်ရေးကိစ္စမှာ စာနယ်ဇင်းလောကသားတွေနဲ့ လုံးဝညှိနှိုင်းခြင်းမရှိပါဘူး၊ ပြည်သူ့လွှတ်တော် ပြန်ကြားရေးကော်မတီ ဥက္ကဌ သူရဦးအေးမြင့်ကပဲ စာနယ်ဇင်းလောကသားတွေကို လေးလေးစား တွေ့ဆုံ ညှိနှိုင်းပွဲတခုကို ရန်ကုန်ကိုလာပြီး လုပ်ခဲ့တာပါ။ အားလုံးတက်ရောက်စေချင်တဲ့ စေတနာနဲ့ နေပြည်တော်ကို မခေါ်ဘဲ ရန်ကုန်မှာ လုပ်ခဲ့တဲ့ စေတနာက သိသာပါတယ်။ ငိုကျော်ဆန်းကတော့ ခုချိန်ထိ စာနယ်ဇင်းတွေကို အပေါ်စီးက ဆက်ဆံတုန်း၊ ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားနေတုန်းဆိုတာ အားလုံးသိကြပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်းက “ကျနော်တို့ ရုပ်ရှင်သမားတွေရဲ့ ကုပ်ပေါ်မှာ ဓားတွေ မိုးထားတယ်။ ထုတ်လုပ်မှု ဆိုတဲ့ ဓား၊ ဆင်ဆာမူဝါဒ ဆိုတဲ့ ဓား၊ ဖြန့်ချိရေးနဲ့ ရုံတင်ပြသရေး ဆိုတဲ့ ဓားတွေအပြင် ရုပ်ရှင်သမားတွေရဲ့ ရင်တွေ ကျောတွေကို ထောက်ထားတဲ့ ဓားတွေ လှံတွေလည်း ရှိနေပါသေးတယ်။ ပိုဆိုးတာက အဲဒီဓားတွေကို ဆွဲနုတ်ဖို့ ကြိုးစားတာနဲ့ ပိုမိုကြီးမားပြင်းထန်တဲ့ ရဲဒင်းလိုဟာမျိုးနဲ့ ငယ်ထိပ်တည့်တည့်ကို ခုတ်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းက အနိုင်ကျင့်တာမျိုးတွေ ခံခဲ့ရတာပါ။ ကိုယ့်လုပ်ငန်း အဆင်ပြေဖို့အတွက် ရိုးရိုးသားသား တင်ပြတာကို နိုင်ငံရေးအသွေးအရောင် ရှိတယ်ဆိုတဲ့ မှတ်ချက်နဲ့ ရုပ်ရှင်ကား အပိတ်ခံရတာမျိုး၊ ဆင်ဆာမှာ ပိုက်စိပ်တိုက် အဖြတ်ခံရတာမျိုး၊ အညစ်ခံရတာမျိုးတွေ ရှိပါတယ်။ ဆွေးနွေးပွဲကို ဖိတ်ကြားခြင်းမခံရတဲ့ သူတွေကတော့ အသေးစိတ် ရေးသားတင်ပြခဲ့တဲ့ ကျနော်တို့ ၄ ဦးပေါ့၊ ကျနော်ရယ်၊ ကိုမျိုးမင်းရယ်၊ ၀ိုင်းရယ်၊ ကျော်ဇောလင်း အပါအ၀င် တော်တော်များများကို တွေ့ဆုံဆွေးနွေးပွဲ တက်ခွင့်မရဘူး၊ ဖိတ်ကြားခြင်းမခံရဘူး၊ မပြောရဲတဲ့ လူတွေကိုပဲ ဖိတ်တယ်” လို့ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းကလည်း “ဆင်ဆာနဲ့ ပတ်သက်ပြီး မသမာမှုတွေ၊ အားနည်းချက်တွေကို ၀န်ကြီးရုံးကို တိုင်ကြားနိုင်တယ်ဆိုလို့ တိုင်ခဲ့ပါတယ်။ အရေးယူခြင်း မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရိုက်ကူးပြသခဲ့တဲ့ ဇာတ်ကား ပြန်ရိုက်ခွင့်တောင်းခဲ့တာ အကြောင်းမျိုးစုံပြပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် တခြားတယောက်က ရိုက်ကူးခွင့်တင်တဲ့ အခါမှာတော့ အလွယ်တကူ ရိုက်ခွင့်ရပါတယ်။ အဲဒါ ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ နှိပ်ကွပ်တာပါ။ ဒါမျိုးကို ၀န်ကြီးဆီ တိုင်တော့လည်း ဘာမှ ဖြစ်မလာပါဘူး။ မျက်ခြယ်ဗွီဒီယိုက ထုတ်လုပ်တဲ့ ‘ယောက်ျားစကား’ ဇာတ်ကားမှာ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ ပုလိပ်တွေကို မြန်မာမျိုးချစ် သူရဲကောင်းက လှောင်ပြောင်ပြောဆိုခဲ့တဲ့ အခန်းကို ဆင်ဆာဖြတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို တနည်းအားဖြင့် ထိခိုက်လို့တဲ့။ ဘာမှမဆိုင်ဘူးနော်။ ဒါဆို မြန်မာမျိုးချစ်သူရဲကောင်းတွေက ကိုလိုနီပုလိပ်တွေကို ရိုရိုသေသေ ဆက်ဆံတဲ့ကားမျိုး ရိုက်ရမှာလား။ မဖြစ်နိုင်ပါ။ ဇာတ်လမ်း ယုတ္တိမရှိပါ။ ဒါမျိုးကို ကျနော်က တိုင်တယ်။ ဖြေရှင်းခွင့်မရဘဲ လည်စင်းခံခဲ့ရသူတွေလည်း အများကြီးရှိတယ်။ တကယ်ခံစားရပါတယ်” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ငိုကျော်ဆန်းက ရုပ်ရှင်လုပ်ငန်းက သူ့တပည့်တွေ သောင်းကျန်းနေတာ မျက်ကွယ်ပြုထားတယ်။ အထူးသဖြင့် ဆင်ဆာကိုင်တဲ့ ဗိုလ်မှူးဟောင်း သိန်းထွန်းအောင် လုပ်သမျှ ထောက်ခံနေတယ်။ အဲ့ဒီအခန်းကိုဖြတ် ဇာတ်လမ်းထဲက ဗိုလ်မှူးဆိုတာသူပဲ၊ သူက ငိုကျော်ဆန်းကို ရှာကျွေးနေတာလေ။ လက်သပ်မွေးရမှာပေါ့၊ အဲဒီဗိုလ်မှူးက ရွှေကို ယူသည်၊ ငွေကို ယူသည်၊ ပြီးတော့ လူကိုပါ ယူသည်ဆိုတဲ့ လူစားမျိုး။ ကဲ ... ကဲ ပြောရမယ်ဆိုရင် အများကြီး ကျန်သေးတယ်။ အထက်မှာ ထုတ်ဖော်ရေးသားသွားတဲ့ အခန်းတွေ အများကြီး။ ဒီအခန်းတွေကိုရော တကယ်ဖြတ်ကြမှာလား။ နားထဲမှာတော့ (ဒီအခန်းကို ဖြတ် - ဒီအခန်းကို ဖြတ်) ဆိုတဲ့ အသံ ပဲ့တင်ထပ်နေတယ်ဗျာ။

စိန်သံလုံး

0 comments: