တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ရရှိရန် အရပ်သား အစိုးရက ဆောင်ရွက်နေချိန်တွင် တပ်မတော်က ပါဝင် ပတ်သက်ခြင်း မပြုသင့်ကြောင်း ကုလသမဂ္ဂ၏မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားက ပြောလိုက်သည်။
ဧရာဝတီနှင့် ယခင်တပတ် သောကြာနေ့က ပြုလုပ်သည့် အင်တာဗျူးတွင် မစ္စတာ ကင်တားနားက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို အရပ်သားအစိုးရက ဒီမိုကရေစီနည်းကျကျ အကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်သည်။
“ဆိုလိုတာက ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကြိုးပမ်းနေကြတဲ့ နေရာမှာ တပ်မတော်က လက်ရှောင်နေဖို့ပါပဲ” ဟု မစ္စတာ ကင်တားနားက ပြောသည်။
ဤအတောအတွင်း မြန်မာအစိုးရတပ်များနှင့် KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်။ နှစ်ဘက် ဆွေးနွေးမှု တခါတရံ ပေါ်ပေါက်လာသော်လည်း အပစ်ရပ်နိုင်ခြင်း မရှိသေးပေ။
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင်မူ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။
မစ္စတာ ကင်တားနားက ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်နေသည်ကို ကြိုဆိုလိုက်ပြီး အသက်မပြည့်သေးသူများ၊ အထမ်းသမားများအား စစ်ရေးပဋိပက္ခတွင် အသုံးပြုနေခြင်းကဲ့သို့သော အရေးကြီး ပြဿနာများကို ချက်ချင်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားလိုက်သည်။
မြန်မာပြည်၏ နိုင်ငံရေး အနေအထားသစ်တွင် လူ့အခွင့်အရေး နှင့် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် ပဋိပက္ခ ဒေသများသို့ ပိုမိုသွားရောက်ခွင့် ရှိရမည်ဖြစ်ပြီး ကြိုတင်စီစဉ်ထားသည့် သူ၏ ဖေဖော်ဝါရီလ မြန်မာပြည် ခရီးစဉ်တွင် ထိုသို့ သွားရောက်ခွင့်ရရေးအတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
KIA နှင့် ၆ လကြာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်သည်။
ပဋိပက္ခ ဒေသ စစ်ပြေး ဒုက္ခသည်များထံ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အလုံအလောက် မရောက်ရှိသေးကြောင်း သိရသည်။
Welcome to SeekaHost
9 months ago











0 comments:
Post a Comment