မန္တလေးမြို့၃၂လမ်း-၃၃လမ်း၊၈၂လမ်း-၈၃လမ်း ကြားမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ မန္တလေးတိုင်း တိုင်းရုံးမှာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်းတဲ့အခမ်းအနားတစ်ခုကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၉နာရီမှာ ပြုလုပ်ခဲ့ပါတယ်။အဆိုပါပွဲကို ကဏ္ဍအစုံ နယ်ပယ်စုံက လူ ၁၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲကိုစီစဉ်သူတစ်ဦးဖြစ်တဲ့ မန္တလေးတိုင်း ဗဟိုဦးစီးအဖွဲ့ဝင် ကိုမျိုးနိုင် ကို ဘားမားဗီးဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဒီနေ့ ကျွန်တော်တို့က မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်းတဲ့ပွဲပဲ။ဒီပွဲမှာ ကျွန်တော်တို့က နာယကကြီးတွေ၊ မြို့မိမြို့ဘတွေ၊ကုန်သည်တွေ၊ ဈေးချိုတော်က လုပ်ငန်းရှင်တွေ၊ ကွန်ပြူတာ ပညာရှင်တွေ၊ စာပေအနုပညာနယ်ပယ်က ပညာရှင်တွေ၊ ဥပဒေ ပညာရှင်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေ၊ တောင်သူလယ်သမား၊အလုပ်သမားတွေနဲ့ စက်မှုလုပ်ငန်းရှင် အစရှိတဲ့ မန္တလေးမြို့ပေါ်မှာ ရှိတဲ့ NLD အောင်နိုင်ရေးအတွက် လိုလားကြတဲ့ မြို့မိမြို့ဘတွေအားလုံး ဝိုင်းဝန်းပြီး ကူညီကြတဲ့ပွဲပဲ။မနက် ၉ နာရီခွဲမှာ စတယ်။၁၀ နာရီမှာ Break ခဏလုပ်တယ်။အဲမှာ ဧည့်ခံကျွေးမွေးတယ်။ပြီးတဲ့အခါကျတော့ ၁၀ ခွဲမှာ ပြန်စပြီး နေ့လည် ၁ နာရီမှာ ပြီးဆုံးသွားပါတယ်။
ကျွန်တော်တို့ ဒီပွဲက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်းဖို့ပဲ။ အဲအတွက်ကို ကျွန်တော်တို့က ဒီမှာတက်ရောက်လာကြတဲ့ လူတွေရဲ့ ဆန္ဒတွေကို စာရင်းပြုစုထားတယ်။ ဥပမာဆိုရင် သတင်းနှင့်ပြန်ကြားရေး၊ စည်းရုံးလှုံဆော်ရေး နှင့် ဘဏ္ဍာရှာကြံရေးအဖွဲ့ အစရှိတဲ့ ကဏ္ဍတွေမှာ တက်ရောက်လာတဲ့လူတွေကို အသီးသီးတာဝန်ခွဲပေးလိုက်တယ်။ အဲအပေါ်မှာ လူတွေအားလုံး လက်ခံတဲ့အတွက် ကျွန်တော်တို့က အတည်ပြုပေးတယ်။
မြို့နယ်ပေါင်းစုံက မခေါ်ပဲနဲ့ ကျွန်တော်တို့က ခရိုင်တွေကနေ ခရိုင်တာဝန်ခံတွေကို ခေါ်လိုက်တယ်။ ခရိုင်တာဝန်ခံတွေက မန္တလေးမှာ ခရိုင် ၆ ခရိုင်ရှိတယ်။ အဲ၆ ခရိုင်မှာ ဆက်သွယ်ရေးသဘောနဲ့ လူငယ်ပိုင်း၊လူလတ်ပိုင်းတွေကို ကျွန်တော်တို့က အဓိကထားရွေးချယ်ပြီးတော့ ခရိုင် ၁ ခုမှ ၂ ဦးဆီ ရွေးချယ်ပြီးတော့ ၆ ခရိုင်ဆိုတော့ ခရိုင်ကိုယ်စားပြု ၁၂ ဦး လာတက်တယ်။ အဲ ၁၂ ဦးကနေပြီးတော့ ကျွန်တော်တို့က တိုင်းအောင်နိုင်ရေး ဖွဲ့စည်းပြီးတဲ့အခါမှာ ခရိုင်အောင်နိုင်ရေးတွေ ဖွဲ့စည်းမယ်။ ခရိုင်အောင်နိုင်ရေးတွေ ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ရမယ့် ကိုယ်စားလှယ်ရှိတဲ့ မြို့နယ်တွေမှာ မြို့နယ်အောင်နိုင်ရေးတွေ ထပ်ဖွဲ့မယ်။ လိုအပ်ရင် ရပ်ကျေးအောင်နိုင်ရေးတွေထပ်ဖွဲ့ပြီးတော့မှ ကိုယ်စားလှယ်တွေအတွက် NLD အောင်နိုင်ရေးကို ကျွန်တော်တို့က စနစ်တကျဆောင်ရွက်သွားဖို့ လုပ်ထားပါတယ်။
ကျွန်တော်က ဒီအစည်းအဝေးကို အားရတယ်။ ကျွန်တော်တို့က ၉၀ ကိုလည်း ဖြတ်သန်းခဲ့တာ။ ၉၀ မှာတုန်းက ဒီလိုပွင့်လင်းမှုမျိုး မရှိဘူး။ ကျွန်တ်ာတို့ ၉၀ မှာ အဲတုန်းက ကိုယ်စားလှယ်လောင်း တိုင်းကိုကိုယ်စားပြုပြီးတော့ လုပ်ရမယ့်လူကို တော်တော်လျှို့ဝှက်ပြီး ရှာခဲ့ရတာပါ။ အခုအနေအထားမှာကျတော့ ကျွန်တော်တို့သည် ဘယ်ကိုယ်စားလှယ်လောင်းပဲ ဖြစ်ပါစေ ကူညီပံ့ပိုးမယ် ။ ဝိုင်းကြမယ်။ သိုင်းကြမယ်ဆိုပြီးတော့ ကဏ္ဍအစုံ နယ်ပယ်စုံက အင်အားစုတွေက ကျွန်တော်တို့မှာ ဝန်းရံထားတယ်။ အဲတော့ ဒီအနေအထားက အင်မတန်မှ ကောင်းပါတယ်။ နောက်ပြီးတော့ လူတွေကလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။နောက် အကြံပြုတယ်။ ကျွန်တော်တို့ အပေါ်မှာလည်း လိုလိုလားလားနဲ့ ပြည်သူလူထုက ထောက်ခံမှုက ပိုရလာတယ်။ အနေအထားကလည်း ဒီကနေ့လက်ရှိ နိုင်ငံရေးအနေအထားပေါ်မှာလည်း မူတည်ပြီးတော့ ကျွန်တော်တို့ ပြည်သူလူထုကလည်း ပွင့်လင်းလာတယ်။ ကျွန်တော်တို့ အခုဆိုရင် ကျွန်တော်တို့ဆီကို အဖွဲ့ချုပ်အဖွဲ့ဝင် ဖောင်တင်ချင်လို့ဆိုတဲ့လူတွေ အခုထိကို လာနေတယ်။ ကျွန်တော်တို့ ဒီအနေအထားလေးဟာ အင်မတန်မှကောင်းတဲ့အနေအထား၊ ဒီလိုအခမ်းအနားပွဲကြီးကို ကျွန်တော်တို့ ဒီလိုမြို့မိမြို့ဘတွေရော၊ နာယကတွေရော၊ ကဏ္ဍစုံ၊နယ်ပယ်စုံ အသီးသီးက လူငယ်ကွန်ယက်များရော တက်ရောက်ကြပြီး သူတို့ရဲ့အမြင်တွေနဲ့ ဆွေးနွေးသွားကြတာ ကျွန်တော်တို့ အများကြီးလေးစားတယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေ သူတို့အကြံပေးချက်တွေကို ကျွန်တော်တို့ ဆက်ပြီးတော့အသုံးချသွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဆက်ပြီး ဆောင်ရွက်သွားပါမယ်။
By ဇာဏီ (Burma VJ Media Network)
0 comments:
Post a Comment