ဒီဇင်ဘာ ၇၊ ၂၀၁၁ (YPI)
တရုတ်ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီများ ကချင်ပြည်နယ် မြစ်ဆုံအထက် မေခမြစ်တလျှောက် ရွှေတူးဖေါ်ရာတွင် နှစ်ကာလကြာရှည်စွာ စိုက်ပျိုးထားသည့် လိမ္မော်ခြံများကို ၀ယ်ယူလုပ်ကိုင် လာခြင်းကြောင့် ယင်းဒေသရှိ အလုပ်အကိုင်နှင့် လူနေမှုဘ၀များကို ထိခိုက်လာနေသည်ဟု ဒေသခံများက ပြောသည်။
လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖေါ်သည့် တရုတ်ကုမ္ပဏီများ ကချင်ပြည်နယ် အထက်ပိုင်းသို့ စတင်ဝင်ရောက်ခဲ့ရာ အစောပိုင်းကာလက မြစ်ကြောတလျှောက်သာ တူးဖေါ်ကြသော်လည်း တူးဖေါ်စရာ နေရာမကျန်သည့်သဖြင့် မကြာမီလပိုင်းမှ စတင်၍ လိမ္မော်ခြံများကို ၀ယ်ယူပြီး စက်ယန္တရားများဖြင့် တူးဖေါ်လုပ်ကိုင်လာခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးခြံများ ၊ လူနေအိမ်၊ ဘုရားကျောင်း ၊ လယ်ယာများ ပျက်စီးလာသည်ဟု မန်ဒေါင်ကျေးရွာမှ လိမ္မော်ခြံရှင်တစ်ဦးက ပြောသည်။
ရွှေတူးဖေါ်သည့် လုပ်ငန်းများကြောင့် ၀ိုင်းမော်မြို့နယ်မှ ပျက်စီးသွားသည့် လိမ္မော်ခြံများ
ဝိုင်းမော်မြို့နယ် မန်ဒေါင်၊ ရှငေါ် နှင့်ခ၀မ်ကျေးရွာများရှိ လိမ္မော်ခြံများအား ၀ယ်ယူရာတွင် ယင်းဒေသ၏ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဇခုန်တိန်ယိန်နှင့် လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ပိုင် ကုမ္ပဏီများမှ တဆင့်ဝယ်ယူစေခြင်းဖြစ်သည်ဟုလည်း အဆိုပါကျေးရွာသားများက ပြောသည်။
ဦးဇခုန်တိန်ယိန်ပိုင် ဆန်းလင်းကုမ္ပဏီနှင့် ဦးခက်ထိန်နန်ပိုင် မနောကမ္ဘာ ကုမ္ပဏီတို့က မူလခြံရှင်လက်မှ လိမ္မော်ခြံ တဧကကို သိန်း ၅၀ ၀န်းကျင်ဖြင့်ဝယ်ယူပြီး တရုတ်ကုမ္ပဏီများထံ သိန်း၁၀၀ ၀န်းကျင်ဖြင့်ပြန်လည်ရောင်းချသည်ဟုလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ မန်ဒေါင် ရှငေါ်နှင့် ခ၀မ်ကျေးရွာ သုံးရွာတွင် လိမ္မော်ခြံ ဧက တစ်သောင်းကျော်ရှိသည်။
မရောင်းချလိုသည့် ခြံပိုင်ရှင်များအား “ ရောင်းတဲ့ သူတွေခြံကို ရွှေတူးပစ်မယ် ရွှေတူးလိုက်ပြီဆိုရင် နူန်းမြေတွေဖြစ်ပြီး ဘာမှစိုက်လိုမရတော့ဘူး မင်းတို့ဘဲ ရှုံးမယ်ဆိုပြီး ခြိမ်းခြောက်ပြီး လိုက်ဝယ်တယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
မန်ဒေါင်ဒေသမှ ထွက်ရှိသည့် လိမ္မော်သီးမှာ ကချင်ပြည်နယ်တွင် အကောင်းဆုံး လိမ္မော်သီးဖြစ်သည်။ လိမ္မော်ပင် တစ်ပင်အနေဖြင့် နှစ်၅၀ ကျော်ကြာသည်အထိ အသီးဆွတ်ခူးနိုင်သည်ဟု လိမ္မော်စိုက်သူများက ပြောသည်။
ရွှေတူးဖေါ်ရာတွင် လိမ္မောခြံများအား မြေတူးစက်ကြီးများဖြင့် အမြစ်မှလှန်ထိုးကာ လုပ်ဆောင်ခြင်း၊ မရောင်းချပဲ ကျန်ရှိသည့် လိမ္မော်ခြံများမှာ ရွှေတူးသည့် ကျင်းများအလယ်၌ ကျန်ရစ်ခြင်း၊ မြေစာပုံများပုံခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း အစရှိသည့် အကျိုးဆက်များကို တွေ့ကြုံနေကြရသည်။
ရှငေါ်ကျေးရွာတွင် ဘုရားကျောင်း နှင့် စာသင်ကျောင်းမြေတ၀ိုက်ရှိ အစိုးရပိုင်မြေများတွင် ရွှေတူးဖေါ်လိုက်ပြီးနောက် စာသင်ကျောင်းနှင့် ဘုရားကျောင်းမှာ ကျင်းအလယ် ထီးထီးချည်းကျန်ရစ်ပြီးနောက်တွင် ဘုရားကျောင်းကို တောင်ပေါ်သို့ပြောင်းရွှေ့ဆောက်ခဲ့ရသည်ဟုလည်း သိရှိရသည်။
ထို့ပြင် ရွှေတူဖော်ရာ၌အသုံးပြုသည့် ဓါတုပစ္စည်းများကြောင့်လည်း မေခမြစ်ရေ ညစ်ညမ်းလာနေရာ ယခင်ကကဲ့သို့ မြစ်ရေကို မသောက်သုံးရဲကြတော့ ဟုလည်း ယင်းဒေသမှ ရွာသားများကပြောသည်။
“ အခုမြစ်ရေကို သောက်ရင် တစ်မျိုးကြီး လည်ချောင်းက နေလို့မကောင်းဘူး၊ ပြီးတော့ ဒီမြစ်မှာ အရင်က ငါးတွေ အရမ်းရှိတယ် အခုတော့ ငါးတွေက ဘယ်ရောက်ကုန်လည်းမသိတော့ဘူး သောက်ရေလည်း တောင်ကျရေဘဲ သွားခံသောက်ရတော့မယ်” ဟု ဒေသခံတစ်ဦးက YPI သို့ ပြောသည်။
တရုတ်ကုမ္မဏီများ ရွှေတူးဖော်ခြင်းကြောင့် မြေစာပုံများမြစ်ဘေးတွင် ပုံလာကာ မြစ်ရေစီးကြောင်းလည်း ကျဉ်မြောင်းလာစေသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကျောက်စိမ်း တူးဖော်ထုတ်လုပ်မှုများကြောင့်မြေပြို ကျနိုင်သည့် အတွက် ကချင် ပြည်နယ်၊ ဖားကန့် မြို့နယ် ရှိ အထက်မနမှော်ရွာ ရွှေ့ပြောင်းပေးခဲ့ရသည်။
၎င်းလအတွင်း၌ပင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အနောက်တောင်ဘက်၊ ရမည်းသင်းမြို့နယ် အရှေ့ဘက် မိုင် ၃၀ ခန့်အနီးတွင်ရှိသော ရွှေတွင်းတစ်ခုပြိုကျခဲ့ပြီး လူ တစ်ရာကျော် သေဆုံးခဲ့သည်။
Pana365 Casino: Offers a Wide Range of Features
5 hours ago
0 comments:
Post a Comment