ဒီဇင်ဘာ ၇၊ ၂၀၁၁ (YPI) - ဒီဇင်ဘာ ၆ ရက် နေ့လည်က ပုသိမ်မြို့၊ ငွေဆောင်ကားဂိတ်အနီးရှိ “ရွှေမြင့်မိုရ်”သံထည်ပစ္စည်း၊ ဂတ်စ်မီးဖိုနှင့် အပိုပစ္စည်းအရောင်းဆိုင်တွင် ဂတ်စ်အိုးလဲလှယ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းမှုမှာ မိနစ်လေးဆယ်ခန့်ကြာမြင့်ခဲ့ပြီး ၎င်းဆိုင်မှ အလုပ်သမားသုံးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။
"စလောင်ကတည်းကအုန်းကနဲမီးတောက်ကြီးစတက်လာတာ။ ဂတ်(စ်)အိုးနှစ်လုံးကို ဂတ်စ်လှယ်တာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရတယ်"ဟု မီးလောင်မှုဖြစ်ပွားရာအနီးတွင် ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချသူ တစ်ဦးက ပြောပြသည်။
မီးလောင်နေစဉ်အတွင်း ဂတ်စ်အိုးပေါက်ကွဲမှု ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု မီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွါးနေချိန်တွင် လောင်စာဆီပေပါများသယ်သူနေကြပုံ
မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားသော ဆိုင်ခန်း၏သုံးခန်းကျော်တွင် လောင်စာဆီပေပါ ငါးဆယ်ကျော်ခန့် သိုလှောင်ထားသော ဆိုင်ခန်းရှိနေသောကြောင့် ဆီပေပါများကို မီးလောင်နေသောဆိုင်ခန်းရှေ့မှဖြတ်ကာ ကမ်းနားရေစပ်သို့ ပို့ဆောင်ခဲ့ကြောင့် မျက်မြင်တွေ့ခဲ့သူများကပြောသည်။
"တော်တော်အန္တရာယ်များတဲ့မီလောင်မှုပဲ” ဟု ငွေဆောင် ကားဂိတ်အနီးတွင်နေထိုင်သူ မျက်မြင်သက်သေတစ်ဦးက မှတ်ချက်ပြုသည်။
မီးလောင်မှုဖြစ်ပွါးရာသို့ မီးသတ်ယာဉ် ခြောက်စီး၊ စည်ပင်ရေသယ်ယာဉ် တစ်စီး၊ မြို့မရေသန့်ရေသယ်ယာဉ်တစ်စီးတို့လာရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ သုံးနာရီခွဲတွင်မီးငြိမ်းသွားခဲ့သည်။
ဆိုင်ခန်းဆယ်ခန်းတွဲပါအဆောက်အဦတွင် ဆိုင်ခန်းနှစ်ခန်းမီးလောင်ကျွမ်းခဲ့ပြီး တစ်ခန်းမှာ မျက်နှာကျက်လောင်ကျွမ်းခဲ့သည်။
ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၂ သိန်းခန့်ဟု မီးသတ်ဦးစီးဌာနမှခန့်မှန်းထားသော်လည်း အမှန်တစ်ကယ်တန်ဖိုးမှာ ၎င်းထက်ပိုများကြောင်း ဒေသခံများကခန့်မှန်းကြသည်။
အဆိုပါမီးလောင်မှုကို အသည်ကြီးရဲစခန်းမှ (ပ)၁၃၇/၂၀၁၁၊ ပြစ်မှုပုဒ်မ၂၈၅(ပေါ့ဆစွာမီးသုံးစွဲမှု)ဖြင့် အရေးယူဆောင်ရွက်ထားသည်။
၎င်းမီးလောင်မှုသည် ၂၀၁၁ ခုနှစ်အတွင်း ပုသိမ်မြို့၌ တတိယအကြိမ်မြောက် မီးလောင်ကျွမ်းမှုဖြစ်သည်။
0 comments:
Post a Comment