မကြာမီကမှ လွတ်မြောက်လာသည့် နယ်စပ်ဒေသဆိုင်ရာ ဌာနကြီးမှူး စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းမြင့်ဇော်ကို ဘီဘီစီမှ ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းထားတာပါ။
မြင့်ဇော် ။ ။ ကျနော်ကို သူတို့ ချမှတ်တာတော့ အမှုပေါင်းအားလုံး ၁၆ မှုကနေ ၉၉ နှစ်ပြစ်ဒဏ်ပေးတယ်၊ ပြီးတော့ သာယာဝတီထောင်မှာ ပြစ်ဒဏ်ကျခံရတယ်၊၊
ဘီဘီစီ ။ ။ အခုပြန်လွတ်ပေးတဲ့အခါမှာရော ထောက်လှမ်းရေးကနေ ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထိန်းသိမ်းခဲ့စဉ်တုန်းက အတူတူ ထိန်းသိမ်းခံရတဲ့ပုဂ္ဂိုလ်တွေ အားလုံးလွတ်ပြီ လား၊ ဒါမှမဟုတ်ကျန်တဲ့သူများရှိပါလား။
မြင့်ဇော် ။ ။ ကျန်အုံးမယ်ဗျ အကုန်လုံးတော့ မဟုတ်သေးပါဘူး။
ဘီဘီစီ ။ ။ ဘာကြောင့် ကျန်တယ်ဆိုတာရောသိရလား။
မြင့်ဇော် ။ ။ကျနော်တို့ထင်တာတော့ သူတို့လွှတ်ပေးဖို့ စိစစ်တဲ့အခါမှာ အသုတ်လိုက် အသုတ်လိုက် စိစစ်တယ် လို့ အဲဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့် စိစစ်ပြီးတဲ့လူကို လွှတ်တယ်၊ နောက်ဟာဆက် စိစစ်ပြီးတော့ လိုက်လာလိမ့်မယ်လို့ပဲ မျော်လင့်တယ်တာပေါ့လေ။
ဘီဘီစီ ။ ။ အကျဉ်းထောင်မှာနေတုန်းကတော့ရော ထောင်ကအတွေ့အကြုံကရော ဘယ်လိုရှိလဲ။
မြင့်ဇော် ။ ။ထွေထွေထူးထူးမရှိ ပါဘူး၊ ထောင်ကလည်း သူ့စည်းမျဉ်းစည်းကမ်းအတိုင်း သူတို့လည်း ဆောင် ရွက်တာပဲ ကျနော် တို့လည်း ဒီတိုင်းလိုက်နာပြီး နေခဲ့တဲ့ အနေအထားပဲဖြစ်ပါတယ်၊ သို့သော်လည်း ကျနော်တို့ကို သီးသန့် အခန်းနဲ့ ထားပြီးတော့ သီးသန့်အကျဉ်းသားတွေ ဆက်ဆံတဲ့နည်းတူပဲ ကျနော်တို့လည်း ဒီတိုင်းပဲဆက်ဆံတာပါပဲ။
ဘီဘီစီ ။ ။သီးသန့်အကျဉ်းသားဆိုတာ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သီးသန့် အကျဉ်းသားအနေနဲ့ ခွဲခြား ပြီးတော့ ထားတာမျိုးလည်းသိရတော့ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့များ တွေ့ခဲ့တာ ရှိလား။
မြင်ဇော် ။ ။အခုလွတ်လာတဲ့အထဲမှာ ကျနော်အဖွဲ့က ၁၅ ယောက်ပေါ့လေ၊ ကျန်တဲ့လူက ၁၀ယောက်ပါပါတယ်၊
ဘီဘီစီ ။ ။ ကျန်တဲ့သူဆိုတာက ဒီမိုကရေစီအရေးအတွက်လှုပ်ရှားလို့ ဖမ်းဆီးခံရတဲ့သူ တွေကို ဆိုလိုတာလား။
မြင့်ဇော် ။ ။တချို့ပါတီဝင်တွေလည်း ဖြစ်နိုင်ပါတယ်၊ လုပ်ငန်းလုပ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။
ဘီဘီစီ ။ ။ ထောင်ထဲမှာတွေ့တော့ သူတို့နဲ့ရော စကားပြောဆက်ဆံတာတွေရှိလား။
မြင့်ဇော် ။ ။ကျနော်တို့ကတော့ ဒါအတူတူချင်း လူလူချင်းဆိုတဲ့ အနေအထားမျိုးပါပဲ၊ ဘာ မှသိပ်ခွဲခြားထားတာမရှိပါဘူး၊ တော်တော်လည်း ရင်းနှီးပါတယ် ဒီအဖွဲ့တွေနဲ့၊ တိုက်ဆိုတာက အခန်း ၁၀ခန်း၁၂ခန်းရှိကြတာပေါ့လေ- အဲဒီမှာကျနော်တို့ တယောက်တခန်းစီနေကြတဲ့အခါကျတော့ အခန်းချင်းကပ်ရက် နေ့တဓူဝမြင်နေတဲ့ အဖွဲ့တွေပါပဲ။
ဘီဘီစီ ။ ။ ကျနော်ဆိုလိုတာက တချိန်တုန်းက ဆန္ဒပြတဲ့သူတွေဟာ ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ၊ အရေးယူတာ၊ နိုပ်စက်တာတွေ ခံခဲ့ရတဲ့ အခါကျတော့ သူတို့ရဲ့နာကျည်းမှုတွေ ကြားရတယ်လေ။ အခုကတော့ တိုင်းပြည်ရှေ့ဆက်မယ် သင်ပုန်းချေကြမယ်၊ ခွင့်လွတ်ကြမယ်ဆိုတဲ့ အနေအထားမျိုးရှိမယ်လို့ ယူဆလား။
မြင့်ဇော် ။ ။ ဖြစ်နိုင်ပါတယ်၊ ကျနော်တို့နဲ့ နေလာတဲ့ဟာမှာလည်း တော်တော်ကို ရင်းရင်းနှီးနှီး မိသားစုလို နေကြတာပါ။
ဘီဘီစီ ။ ။ အခုအပြင်ကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရောရှိလား။
မြင့်ဇော် ။ ။မရှိပါဘူး၊ ကျနော်အဲ့ဒါကို ပြီးပြတ်အောင် ဖြေရရင်တော့လေ၊ ကျနော်တို့ ထောင်ထဲမှာ ဆရာကြီး ဦးဂိုအင်ကာ ရဲ့ တရားစခန်းဝင်ခဲ့ပါတယ်၊ အဲဒါကို တော်တော်နှစ်ချိုက်ပြီး တော့ အဲဒီဘက်မှာပဲ အားသန်နေတဲ့ အနေအထားပါ၊ ကျနော်တို့ တရားလုပ်ငန်းကလွဲရင် ကျန်တဲ့ ဟာတွေ ကျနော်လုပ်ဖို့အစီအစဉ်မရှိပါဘူး။
0 comments:
Post a Comment