စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 12, 2012

တကိုယ်တော် ဆန္ဒြုပသူ ဦးစိုးကြွယ်နှင့် အင်တာဗျူး

Interview with solo protester U Soe Kywe


“ ရှေ့ဆက်တိုးမယ်ဆိုရင် ဦးလေးကိုဖမ်းရပါလိမ့်မယ်။ ရဲစခန်းကို ခေါ်သွားရပါလိမ့်မယ် ”

(ယခုပတ် အင်္ဂါနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ်မှာ ရပ်ရွာ လမ်းပြင်ဆင်ရေး၊ ရေရရှိရေး၊ မီးရရှိရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုမှုတွေတောင်းဆိုပြီး တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်တွေ တောင်းဆို ဆန္ဒပြသူကတော့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ ဦးစိုးကြွယ်ဖြစ်ပါတယ်။ မိနစ်အနည်းငယ် အကြာလမ်းလျှောက် ဆန္ဒပြပြီးနောက်မှာ ရဲလုံခြုံရေးတွေက ကားပေါ်တက်စေပြီး တောင်ဒဂုံရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးပြဋ္ဌာန်းပြီးသော်လည်း လနဲ့ချီကြာတဲ့အထိ နည်းဥပဒေဆိုင်ရာ ညွန်ကြားချက်တွေကို ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက ထုတ်ပြန်ခြင်း မပြုရသေးတာကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ လူနေမှု အကြပ်အတည်းကိစ္စရပ်များ အစရှိတဲ့ လူထုဆန္ဒထုတ်ဖေါ်လိုသူတွေ အဖို့ မချင့်မရဲ ဖြစ်နေကြပါတယ်။ ယခုလ ၁၀ ရက်နေ့က တကိုယ်တော် ဆန္ဒပြတဲ့ ဦးစိုးကြွယ်ကို YPI က ဆက်သွယ်မေးမြန်းထားပါတယ်။)

YPI: ဦးစိုးကြွယ်အဲဒီနေ့က ဖြစ်ပျက်တာကို နည်းနည်းပြောပြပေးပါလား

U Soe Kywe: ကျွန်တော် ၂၀၁၁ ခုမှာ သူတို့ဆီ တရားဝင် ခွင့်ပြုမိန့်တောင်းသေးတယ်။

၉ လပိုင်း ၂၇ ရက်နေ့မှာ တရားဝင် ခွင့်ပြုမိန့်တောင်းသေးတယ်။ တောင်းရခြင်းရည်ရွယ်ချက်ကလည်း ဒီလမ်းတွေကိစ္စကို ကျွန်တော်ဟာ ၁၂ ရက် ၇ လ ၂၀၁၁ မှာ ကြံ့ခိုင်ရေးနာမည်တပ်ပြီးတော့ လမ်းတွေကွန်ကရစ်လမ်းခင်းပေးမယ်ဆိုပြီးတော့ လမ်းသူလမ်းသားတွေဆီက ပိုက်ဆံတွေကောက်တယ်။ ကောက်ပြီးတော့ ပထမအုတ်စီလမ်း အကျယ်က ၆ပေ ၊ အရှည်ကတော့ လမ်းအစအဆုံးပေါ့၊ ကောင်းနေတဲ့လမ်းကို ကွန်ကရစ်ခင်းပေးမယ်ဆိုပြီးဖျက်ခိုင်းတယ်။ အဲနောက် ဖြစ်ချိန်တန်တဲ့အချိန်မှာ မဖြစ်တော့ ကျွန်တော်တို့က တိုင်တယ်။ လူငါး ယောက်လက်မှတ် စုထိုးပြီးတိုင်တယ်။ ၁၂ရက် ၇ လ ၂၀၁၁ ကနေစပြီးတိုင်လိုက်တာ ၊ လုံးဝအရေးယူပေးခြင်း မရှိဘူး၊ အဲဒါနဲ့ ဒုတိယအကြိမ် ၂၀ ရက် ၉ လ ၂၀၁၁ မှာ တခါ ဒုတိယအကြိမ် ဆက်တိုင်တယ်။ ဒုတိယအကြိမ်တိုင်တာကိုလည်း လုံးဝ အရေးယူပေးခြင်းမရှိဘူး၊ အဲဒါနဲ့ ကျွန်တော်က ၁၈ ရက် ၉ လ ၂၀၁၁ မှာ ဒီအတိုင်းတော့ မဖြစ်ဘူး ၊ ငါတကိုယ်တော် ဆန္ဒပြဖို့ ခွင့်တောင်းဦးမှပဲ ဆိုတော့၊ ကျွန်တော်ကလည်း ခွင့်တောင်းမယ့်အချိန်၊ လွှတ်တော်ကနေပြီး အထက်လွှတ်တော်ကို တင်ပြပြီး အထက်လွှတ်တော်က အတည်ပြုတဲ့အချိန်နဲ့ အံကိုက်ဖြစ်နေတယ်ဗျာ၊

အံကိုက်ဖြစ်နေတော့ အားဂျင်း (ချက်ခြင်း) အဲဒီစာကို ၂၇ ရက်နေ့မှာ ကျွန်တော် ရဲတပ်ဖွဲ့မှူးဆီကိုတင်လိုက်ရော၊ ဒဂုံတောင် ရဲတပ်ဖွဲ့မှူး၊ တင်လိုက်တော့ ၂၇ နေ့ညပဲ ဒဂုံတောင် ရဲတပ်ဖွဲ့မှူးလက်မှတ်နဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့၊ ကျွန်တော့်ကို ၂၈ ရက်နေ့ နံနက် ၉ နာရီလာခဲ့ပါဆိုတော့ ကျွန်တော်သွားလိုက်တယ်။ သွားလိုက်တဲ့အခါမှာ သူတို့က ညှိတယ်တောင်းဆိုတယ်။ တောင်းဆိုချက်တွေရတယ်၊ ကျွန်တော်တို့ လုပ်ပေးရမယ့် ကိစ္စတွေပါတဲ့၊

အခုမီဒီယာမှာပါနေတဲ့ အချက်အလက်အတိုင်းပဲ ကျွန်တော်တောင်းတာ၊ ၅ ချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာမည်ကို သုံးပြီး လမ်းသူလမ်းသားများ ထံမှ ကောက်ခံထားခြင်းအား အရေးယူပေးပါဆိုပြီးတော့ နံပါတ် ၁ အချက်၊ အကျင့်ပျက်ဝန်ထမ်းများအား တိုင်တန်းထားခြင်းကို အရေးယူပေးပါ၊ နံပါတ် ၃ က ရပ်ကွက်အတွင်းရှိနေသည့် လမ်းများကို တပြေးညီကွန်ကရစ် ခင်းပေးပါ၊ နံပါတ်လေးက မြို့နယ်အတွင်း ယာဉ်လိုင်းပြေးဆွဲနေသည့် အဓိက လမ်းမကြီးများအား ပြုပြင်ပေးပါ။ နံပါတ် ၅ က ရေမီတာ သုံးစွဲသူများအား ရေရရှိရေးအတွက် ဆောင်ရွက်ပေးပါ။ နံပါတ် ၆ က မီတာထိမ်းသိမ်းခနှင့် လျှပ်စစ်မီတာခများ ၂၄ နာရီမီးလင်းအောင် ဆောင်ရွက်ပေးပါ၊ အဲဒီအချက် ၆ ချက်ကို နကိုတောင်းစဉ်က မြို့နယ်မှူးပါတယ်ဗျာ၊ ရဲတပ်ဖွဲ့မှူးပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးပါတယ်။ စည်ပင်အုပ်ချုပ်ရေးမှူးပါတယ်။ နောက်တခါ မြို့နယ် ဥပဒေအကြံပေးအရာရှိပါတယ်။ နောက်တခါ ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးပါတယ်။ နောက် ရဲသတင်းတပ်ဖွဲ့ က ရဲအရာရှိ ကိုမြင့်ဆွေပါတယ်။ပြောတာဆိုတာတွေကို အဲဒါတွေကို မှတ်တမ်းရေးတာက အထွေထွေအုပ်ချုပ်ရေးမှူးကိုမြင့်ထွန်းပဲ၊ အဲဒါတွေကို ဒီဇင်ဘာနောက်ဆုံးထားပြီးလုပ်ပေးပါမယ်လို့ ကတိပေးတယ်။ နောက်သူတို့ဘက်ကလည်း နိုင်ငံတော်က နည်းဥပဒေတွေမကျသေးတာကြောင့် ကျွန်တော်ဆန္ဒပြရင် ပုဒ်မ ၁၄၃၊ ၁၄၅ နဲ့အရေးယူမယ်ဆိုတာကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်ကလည်း အဲတုန်းကတည်းက စကားခံထားခဲ့တယ်။ ကျွန်တော်ဘက်က ပြည်သူတယောက်အနေနဲ့ လူကြီးမင်းတို့ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ဘက်က လက်မှတ်ကို မတောင်းဘူး၊ ကျွန်တော့်ဘက်က သိရှိတဲ့အတွက်ထိုးပေးမယ်။ သို့သော် ခင်ဗျားတို့ဘက်က ပျက်ကွက်ခဲ့ရင် ကျွန်တော်ဒုတိယအကြိမ် ဆန္ဒပြမယ်ဆိုတာကို အဲဒီမှာကတည်းက ကျွန်တော် အတိအလင်းပြောလာခဲ့တယ်။ ပြောလာခဲ့တဲ့အခါကျတော့ ကျွန်တော် ဒီဇင်ဘာလလယ်လောက်မှာ ကျွန်တော် သွားမေးတယ်။ ပြောကြစို့ဆိုရင် ဟိုပုတ်ထုတ် ဒီပုတ်ထုတ်နဲ့ ပုတ်ထုတ်တာပေါ့ဗျာ၊ အဲဒါနဲ့ကျွန်တော် ဒီဇင်ဘာလကုန်တဲ့အထိ စောင့်တယ်။ စောင့်တဲ့အခါကျတော့ ကျွန်တော့လမ်းရော တခြားလမ်းရော ဘာတခုမှ မဆောင်ရွက်ဘူး၊ အဲဒါကြောင့် ဒီစာကို ကျွန်တော်တင်တာ ၁ လပိုင်း ၃ ရက်နေ့မှာတင်တာ၊ ၃ ရက်နေ့ကတင်တော့ မြို့နယ်မှူးက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ဆန္ဒပြခွင့်ရှိပါပြီတဲ့ ၊ အဲလိုဆိုတော့ လိုအပ်တဲ့အချက်တွေကို ဖြည့်ပေးပါဆိုတော့ ပြန်ရေးပေးလိုက်တယ်။ ၄ ရက်နေ့ကျတော့ လွတ်လပ်ရေးနေ့ဆိုတော့ ၅ ရက်နေ့ကျွန်တော် သွားတင်တယ်။ ကျွန်တော်တင်လိုက်ပြီး ပြန်ထွက်လာတော့ နောက်က လိုက်ခေါ်ပြီးတော့ နည်းဥပဒေ ပြည်ထဲရေးဝန်ကြီးဆီက မကျသေးတော့ ခွင့်မပြုနိုင်သေးဘူးဆိုပြီးပြောတယ်။ ပထမတော့ ခွင့်ပြုမှာပါတဲ့ ခင်ဗျားတို့တောင်းဆိုချက်ကို ၊ ခင်ဗျားခွင့်ပြုမိန့်တောင်းတာကို ခွင့်ပြုမှာပါ၊ ဆန္ဒပြခွင့်ရနေပါပြီတဲ့ ၊ ဒါမြို့နယ်မှူးကိုယ်တိုင်ပြောတာနော်၊

YPI: အဲဒါက ဘယ်နှရက်နေ့မှာပြောတာလဲ၊

U Soe Kywe: ၃ ရက်နေ့မှာပြောတာ၊ လူအင်အား ခန့်မှန်းခြေလည်းဖြည့်ပေးပါတဲ့ ၊ အဲလိုဆိုတော့ လူအင်အား ၃၀၀ လို့ရေးလိုက်တယ်။ ဦးဆောင်မယ့်သူက ၃ ယောက်၊ ဆိုတော့ ၃ရာရေးပေးလိုက်တယ်။ အဲဒါကို၅ ရက်နေ့သွားတင်တော့ ခွင့်မပြုနိုင်ပါဘူး ဖြစ်တယ်ဗျာ၊ အဲဒါနဲ့ ခင်ဗျားတို့ခွင့်မပြုလဲ ကျွန်တော်ကတော့ လုပ်ကိုလုပ်မှာ ၁၀ ရက်နေ့က ၊ ကျွန်တော်တကိုယ်တော်ပေါ့၊

YPI: အဲနေ့က ဆန္ဒပြတယ်ဆိုတော့ ကျန်တဲ့သူတွေပါဝင်ဖို့ စည်းရုံးသေးလား

U Soe Kywe: မှန်တယ်ခင်ဗျ ၊ ကျွန်တော့်လူတွေကို လိုက်ပါချင်ပါတယ်ဆိုတဲ့သူတွေကို ရှင်းပြတယ်။ ခွင့်မပြုဘူး၊ ခင်ဗျားတို့ အနစ်နာမခံပါနဲ့ ကျွန်တော်ပဲ တကိုယ်တောင် ဆန္ဒပြပါမယ်၊ ကျွန်တော်ကို သူတို့ဖမ်းဖမ်း၊ သတ်သတ်၊ ရိုက်ရိုက် ခင်ဗျားတို့မပါနဲ့ ကျွန်တော် အသေခံသွားမယ်ဆိုပြီးပြောပြီးတော့ နှစ်သိမ့်တယ်၊ တကယ်လို့ ခင်ဗျားတို့ အားပေးချင်တယ်ဆိုရင် ကျွန်တော် တကိုယ်တော် ဆန္ဒပြတာကို ခင်ဗျားတို့ လက်ခုပ်သြဘာပေးပြီးတော့ ခင်ဗျားတို့ အားပေးကြပါဆိုပြီး မေတ္တာရပ်ခံထားတယ်။

YPI: ဦးလေး တင်ပြထားတဲ့ အရေအတွက် ၃၀၀ ဆိုတာ တကယ်ရော စည်းရုံးရင် ပါလာနိုင်ပါ့မလား၊

U Soe Kywe: ၃ ရာတောင် မကနိုင်ဘူး၊ တကယ်တန်းလုပ်ကြစို့ဆိုရင် လေကြီးမိုးကြီးပြောတာ မဟုတ်ဘူး၊ တောင်ဒဂုံမြို့နယ်မှာ ဦးလေးတို့လုပ်မယ်ဆိုရင် ယုံကြည်ပြီး လိုက်လုပ်မယ့်သူ အများကြီးပဲ။

YPI: အဲဒါက ဘာကြောင့်လဲ၊ သူတို့က လိုက်မယ်ဆိုတာ သူတို့ကိုယ်တိုင် ခံစားချက်တွေရှိလို့လား၊

U Soe Kywe: မှန်တာပေါ့၊ သူတို့ကိုယ်တိုင်ခံစားနေရတာ၊ သူတို့ရှေ့မှာ ဦးဆောင်ပြီး လမ်းပြမယ့်သူမရှိလို့မလုပ်ရဲ ဖြစ်နေတာ၊ ဦးလေးက အဲလိုရှေ့ဆောင်လမ်းပြလုပ်ပြီး လုပ်မယ်ဆိုတော့ အရမ်းကိုတက်ကြွနေကြတာ၊ တကယ်လို့သာခွင့်ပြုပေးလိုက်ကြည့်၊ ဒီမှာကြည့်စမ်း ၃၀၀ အကျော်မှာပဲရှိမယ် တာဝန်ယူလိုက်မယ်။

YPI: အဲတော့ အဲဒီနေ့က ဘယ်လို ဖမ်းသွားပြီး ဘယ်လိုမေးလဲဆိုတော ပြောပြပေးပါ၊

U Soe Kywe: ဦးလေးက ဘယ်လောက်လမ်းလျှောက်လိုက်ရလဲဆိုတော့ ၁၀ မိနစ်လောက်လမ်းလျှောက်လိုက်ရတယ်။ ဆယ်မိနစ်ဆိုတာက ဘယ်ကနေဘယ်ထိဆို ကျန်စစ်သားလမ်း ၃၉ အ၀ါ ကားကြီးဂိတ်ကနေ ဒီဘက် ၇၀ ရပ်ကွက် အလယ်လောက် မှာ မင်းခေါင်လမ်းဆိုတာရှိတယ်။ မင်းခေါင်လမ်းထိပ်ကျတော့ နယ်ထိန်းအင်ချတ်ခ်ျ အဖွဲ့ရဲအဖွဲ့နဲ့ ထိပ်တိုက်တိုးတော့တာပဲ၊ သူတို့ဘက်ကလည်းကောင်းပါတယ်။ ပုဂ္ဂိုလ်စွဲတွေပါတယ် မပါဘူးဆိုတာလည်း ဘုရားသခင်မှပဲ သိမှာပဲ၊ နောက်ကိုပြန်ဆုတ်သွားပါ၊ နောက်ကိုပြန်လှည့်သွားရင် ဦးလေးကို ကျွန်တော်တို့ခေါ်မသွားပါဘူး၊ ရှေ့ဆက်တိုးမယ်ဆိုရင် ဦးလေးကိုဖမ်းရပါလိမ့်မယ်။ ရဲစခန်းကို ခေါ်သွားရပါလိမ့်မယ်ဆိုပြီးမေတ္တာရပ်ခံတာ၊ အဲဒီတော့ ဦးလေးက ငါကအခုလုပ်တဲ့ဟာက ယုံကြည်ချက်နဲ့ ပြည်သူ့ရဲ့ လိုအပ်ချက်အတွက်လုပ်တာဖြစ်လို့ ဦးလေးဘက်ကို မင်းတို့ နားလည်ပေးသလို မင်းတို့ရဲ့ တာဝန်ကို ဦးလေး နားလည်ပေးမယ်၊ အဲဒီအပေါ်မှာ တယောက်နဲ့ တယောက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်ကြပါနဲ့ ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ရင် ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်သူတာဝန်သာဖြစ်တယ်လို့ ဦးလေး ရှင်းပြတယ်။ ဦးလေး ရှေ့ဆက်တိုးမှာလားတဲ့၊ ငါရှေ့ဆက်တိုးမှာလို့ပြောတော့၊ ရှေ့ဆက်တိုးမယ်ဆိုရင် ကားပေါ်တက်ပေးပါတဲ့၊ အဲဒါနဲ့ အသာတကြည်ပဲ တက်ပေးလိုက်ပါတယ်။ အဲလိုတက်ပေးလိုက်တော့ တယောက်နဲ့တယောက် ရုပ်ပျက်ဆင်းပျက်မဖြစ်ဘူးပေါ့၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ထိတော့ မရောက်ဘူးပေါ့လေ၊

YPI: ဦးလေးက ဘယ်အထိသွားမယ် ရည်မှန်းထားလို့လဲ

U Soe Kywe: ဦးလေးက တယောက်ထဲကို ၃၉ အ၀ါကားဂိတ်ကနေ လှော်ကားလမ်းအတိုင်း တယောက်ထဲ ချီတက်မယ်၊ ဘေးမှာတော့ ထောက်ခံအားပေးသူတွေနဲ့ပေါ့၊ အဲဒီအတိုင်း ပြည်ထောင်စုလမ်းမမှာရှိတဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ချီတက်မလို့၊ အဲဒီကို ပန်းတိုင်လုပ်ထားတာ၊

YPI: ရဲစခန်းကိုသွားတော့ ဘာတွေမေးမြန်းလဲ

U Soe Kywe: စခန်းမှူးကမေးတယ်။ မေးတော့ စောစောက ပြောပြတဲ့ ၂၀၁၁ ခုနှစ်က ခွင့်တောင်းတယ်။ ကတိက၀တ်တွေပေးထားတယ်၊ အဲဒါတွေပျက်ကွက်လို့ အခုလို တကိုယ်တော် ဆန္ဒပြရတဲ့အကြောင်းကို ဦးလေးက အစုံအစေ့ ရှင်းပြတယ်။ ပြီးတော့ လမ်းကြေးကောက်ခံတဲ့ ကြံ့ခိုင်ရေးက အမျိုးသမီး နာမည်ပါထည့်ပြောလိုက်တယ်။ အဲဒီတော့ဦးလေးက ပြောတယ် ကျွန်တော်ကို့ ပြည်ထဲရေး ၀န်ကြီး၊ သမ္မတကြီးထိ ရောက်မှာလားဆိုတော့ သူက ဖုံးဖုံးဖိဖိ ပြောတယ်။ အဲဒါကတော့ ကျွန်တော့်အလုပ်မဟုတ်ဘူးတဲ့၊ စစ်ပေးရမှာ ကျွန်တော့် အလုပ်တဲ့၊

YPI: ဦးလေးကို အခုဒီအမှုကို ပထမဆုံး လက်မှတ်ထိုးထားရတယ်၊ သိရှိပါတယ်ဆိုတာ၊ နောက် အပြင်မှာ သတင်းထွက်နေတာ ၅၀၅ (ခ)နဲ့စွဲဆိုထားတယ်လို့ သတင်းထွက်နေတာ ဟုတ်လား

U Soe Kywe: ဦးလေးတော့မသိဘူး၊ ဒီညနေလည်းရောက်သေးတယ်။ မေးတယ် ပုဒ်မအကြောင်းမေးတော့ ကျွန်တော်တို့ မသိသေးဘူးတဲ့ လုံးဝမသိသေးဘူးလို့ ဆိုတယ်။ ဒါကြောင့် ဒီသတင်းကတော့ ဦးလေး အတည်မပြုနိုင်တဲ့သတင်းလို့ပဲ ယူဆပါတယ်။

YPI: ဒီနေ့ရော ဦးလေး ဘယ်ကိုရောက်လဲ

U Soe Kywe: ရဲစခန်းကိုရောက်တာ၊ ပြန်လာတာ သိပ်မကြာသေးဘူး၊

YPI: မနေ့က ဘယ်အချိန်ပြန်လာရလဲ၊

U Soe Kywe: တနေကုန်ပဲ ည ၈နာရီမှ ပြန်လာရတာ၊အာမခံပေးပြီး ပြန်လွှတ်လိုက်တယ်။

YPI: ဘာပုဒ်မနဲ့စွဲထားတယ်ဆိုတာမသိရသေးဘူးပေါ့

U Soe Kywe: မသိရသေးဘူး။ ခေါ်သွားတာ နံနက် ၁၀ နာရီက ၊ စခန်းမှူးက စစ်ဆေးတာပဲ၊

အခုတိုင်တဲ့ ရဲအရာရှိက ဦးစိုးကြွယ်နဲ့ မလှမ်းမကမ်းမှာ ဘယ်သူတွေရှိတယ်ဆိုတာ တိုင်ချက်ထဲထည့်ထားတော့၊ အဲလူတွေစစ်တုန်း ၂၀၀၇ မှာ အဖမ်းခံထောင်ကျသွားတဲ့ ဒေါ်ခင်အေး၊ နောက် ဦးလေးနဲ့ အမြဲတွဲနေတဲ့ မခင်ဝင်း၊ နောက် တင်မောင်ကြည် ၇၀ ရပ်ကွက်က၊ နောက်တခါ ပထမတုန်းက ခွင့်မပြုထဲအထဲပါတယ် သိန်းမြင့်ဆိုတာ၊ နောက် အန်အယ်လ်ဒီကထွက်ထားတဲ့ မချိုဆိုတာ ၂၀၀၈ မှာ တောင်ဒဂုံမှာမယက ဥက္ကဋ္ဌဆီသွားပြီး အန်အယ်လ်ဒီက ထွက်ပါတယ်ဆိုတာ၊

စခန်းက ပုဒ်မမတပ်ရသေးဘူးတဲ့၊ ၅၀၅ ခ ခ ၊ က က တပ်တပ် အဆိုးဆုံးကို တွက်ထားတာ၊ ငါကျရင် ၂ နှစ် ၃ နှစ်လောက်ကျမယ်၊ ကိုယ်ယုံကြည်တဲ့ဟာကို လုပ်ရာမှာ အဆိုးဆုံးကိုတွက်ထားတာလေ။ ။

Yangon Press International

0 comments: