တရုတ်နိုင်ငံမှ တင်သွင်းထားသော ချယ်ရီကားအစီးရေ ၁၀၀၀ ၀န်းကျင် အပြင်ချထားပေးရန်ကျန် ရှိသော မီနီဆလွန်း ကားအစီးရေ ၄၀၀ ၀န်းကျင်ကို ၀န်ထမ်းများနှင့် အများပြည်သူများထံ ယခုလအတွင်း စတင် ချထားပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ချယ်ရီကားအစီးရေ ၁၀၀၀ ၀န်းကျင်ကို တရုတ်နိုင်ငံမှ နိုဝင်ဘာလအတွင်း စတင်သယ်ဆောင်လာပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
“တရုတ်နိုင်ငံကနေ မြန်မာ မီနီဆလွန်းကား အစီးရေ ၁၀၀၀ ၀န်းကျင်ကို တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာ ဒီကိုရောက်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရောက်ရှိလာတဲ့ မြန်မာ မီနီဆလွန်းတွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖွင့်မယ့်ကား Showroom တွေမှာ စရောင်းမှာပါ။ မြန်မာ မီနီဆလွန်းကား အရောင်းပြခန်းတွေကို ရန်ကုန်၊ မန္တ လေးမြို့တွေမှာဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်၊၊ စတင်ရောင်းတဲ့အခါမှာ ယာဉ်အိုယာဉ် ဟောင်းလဲလှယ်ခွင့်ပါမစ်ရရှိထားတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေကို ဦးစားပေးရောင်းချပေးမှာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေကို ဦးစားပေး ချထားပေးနေတာ ပြီးသွားပြီးနောက် အစိုးရ၀န်ထမ်းတချို့ရယ်၊ အများ ပြည်သူရယ်ကို ရောင်းချပေးသွားဖို့ ရှိပါတယ်။ အစိုးရ၀န်ထမ်းတွေကို ဒီဇင်ဘာလ တတိယပတ်လောက်မှာ စတင်ချထားပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တင်သွင်းလာသည့် ကားများ၏ မော်ဒယ်မှာ ၁၃၀၀စီစီ အောက် ၂၀၀၉-၂၀၁၀မော်ဒယ်များ ဖြစ်ပြီး အရောင်းပြခန်းများဖွင့်လှစ် ပြီးပါက ကားတစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၈၀၀နှင့် ၆၀၀၀ကြား ဈေးနှုန်းဖြင့် ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ကျသင့်သည့်ဈေးနှုန်းတွင် ကညနအခွန်၊ အကောက်ခွန်၊ ကုန်သွယ်ခွန်များမပါဝင်ဘဲ ယင်း အခွန်များကို ၀ယ်ယူသူကသာ ပေးဆောင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကားတန်ဖိုးကျသင့်ငွေနှင့် သက်ဆိုင်ရာ သို့ပေးဆောင်ရမည့် ကုန်ကျစရိတ်များ ပေါင်းပါက ကားတစ်စီးလျှင် ကျပ်သိန်း ၁၀၀ အောက်ကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အရောင်းပြခန်းများ ဖွင့်လှစ်မှုကို နိုင်ငံခြားငွေရှိသော ပြည်တွင်း လုပ်ငန်းရှင်များကိုပါ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နောက်ပိုင်းတွင် ပို့ကုန်လုပ်ငန်း၊ ဟိုတယ် ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံခြား တွင်တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသူများနှင့် နိုင်ငံတော် ဘဏ်များတွင် တရားဝင်ငွေကြေး စုဆောင်းထားသည့် သင်္ဘောသားများကိုလည်း ပြည်ပမှ တရားဝင် မော်တော်ယာဉ် တင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment