စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 8, 2011

မကျေနပ်မှုနှင့် နစ်နာမှုများ ဖေါ်ထုတ်တောင်းဆိုရန် ဆန္ဒပြခွင့်ဥပဒေ နည်းလမ်းတခုဖြစ်

ဒီဇင်ဘာ ၈၊ ၂၀၁၁ (YPI)

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေထွက်ပေါ်လာခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ မတရားမှုများအား တင်ပြရန် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူအချို့က သုံးသပ်ပြောဆိုသည်။

ယခုလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က “ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ဟုခေါ်ဆိုသည့် အပိုဒ် ၂၄ ပိုဒ်ပါ ဥပဒေတရပ်ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲကာ လွှတ်တော် ၃ ရပ်တွင်ဆွေးနွေးပြီး ယခင်လက အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီဥပဒေ ပေါ်ပေါက်လာတာဟာ ပြည်သူပြည်သားတွေအနေနဲ့ သူတို့ဘ၀မှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေ ၊ အစိုးရက ကူညီဖြေရှင်း စေချင်တာတွေကို ဖော်ထုတ်တင်ပြဖို့ အခွင့်အရေးတစ်ခု ရလာတယ်တဲ့အတွက် ဥပဒေမရှိတာနဲ့ စာရင် ကောင်းတယ်လို့ပြောလို့ရပါတယ်” ဟု လယ်သမား၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ လိုက်လံဆောင်ရွက်ပေးသူ ရှေ့နေဦးဖိုးဖြူက ပြောသည်။

လတ်တလော ထွက်ပေါ်လျှက်ရှိသည့် သင်္ဃန်းကျွန်းဈေး ဆိုင်ခန်း ပြန်လည်နေရာချထားပေးခြင်းနှင့် ပတ်သက်သည့် မကျေနပ်မှုကိစ္စတွင်လည်း မကျေနပ်ချက်များကို သက်ဆိုင်ရာသို့ တင်ပြသည့်နည်းဖြင့် မဖြေရှင်းနိုင်ပါက ငြိမ်းချမ်းစွာ ဆန္ဒပြသည့် နည်းလမ်းကို အသုံးပြုသွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောကြားထားသည်။

ယင်းဥပဒေတွင် ကန့်သတ်ချက်များပါရှိနေသည့်အပေါ် မကျေနပ်မှုများရှိသည်ကို ကြားသိရသည်။ ဥပမာအားဖြင့် နေရာကန့်သတ်ချက်၊ အချိန်၊ ကိုင်ဆောင်ရမည့် အဖွဲ့အစည်းအလံ အစရှိသည့် သတ်မှတ်ချက်များကို လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဘန်ထောက်ပြကြခြင်း ဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမား ဦးထွေးမြင့်က ယင်းကဲ့သို့ ဥပဒေထွက်ပေါ်လာခြင်းသည် အလားအလာကောင်းများ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်သော်လည်းကန့်သတ်မှုချုပ်ချယ်မှုများ ရှိနေခြင်းသည် မသင့်လျော်ကြောင်း၊ ဆန္ဒပြသူများအတွက် အခက်အခဲများဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဆန္ဒပြရေးဆိုတာ အခြေအနေရယ်၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုအရရယ် လုပ်ရတာမို့ တချို့နိုင်ငံတွေမှာဆိုရင် ဆန္ဒပြမှုတွေက တစ်နှစ်ကြာတဲ့တိုင်အောင် မပြီးသေးတာမျိုးတွေရှိတယ် ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေတွင် ဆန္ဒပြလိုသူများအနေဖြင့် ဆန္ဒပြရန်ခွင့်ပြုမိန့်လျှောက်ထားရာတွင် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက် ၊ဟောပြောလိုသည့်အကြောင်းအရာနှင့် ကြွေးကြော်သံများ ၊ဆောင်ပုဒ်များအား အသေးစိတ် တင်ပြပေးရမည်ဟု ပါရှိသည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ နှင့် ၁၉ အရ ၄င်းအချက်များသည် ကန့်သတ်မှုများဖြစ်သည်ဟု ယူဆမိကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်လေးက ဆိုသည်။

ယခုကဲ့သို့ စီတန်းလှည့်လည်ခွင့် ဥပဒေထွက်ပေါ်လာခြင်းသည် အခြေခံလူတန်းစားများ အများဆုံးတွေ့ကြုံ ခံစားနေရသော လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုင်ရာကိစ္စရပ်များအတွက် အခွင့်အလမ်းတစ်ရပ်ဟု ဆိုနိုင်သော်လည်း ယင်းဥပဒေတွင် ထင်သာမြင်သာရှိသော အားနည်းချက်များပါရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ရှေ့နေ ကိုဖိုးဖြူကလည်း ဥပဒေတွင် ဖေါ်ပြထားသည့် မြို့နယ် အုပ်ချုပ်ရေးမှူးများက စစ်ဆေးဆောင်ရွက်သွားမည် ဆိုသည့်အချက်သည် ယခုထက်ပို အသေးစိတ်ရှင်းလင်းဖေါ်ပြဖို့ လိုကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် အတိုင်းအတာကို မည်သို့ သတ်မှတ်မည်ဆိုသည့် အချက်သည်လည်း မရှင်းလင်းဟု ထောက်ပြသည်။

ယင်းဖွင့်ဆိုချက်များက ဆန္ဒပြခွင့်ကို ပယ်ချရာတွင် အကြောင်းပြချက်အဖြစ် အသုံးချနိုင်သလို ၊ ယင်းအချက်ကြောင့် ပြည်သူပြည်သားများ၏ အခွင့်အရေး တောင်းဆိုရန်ကြိုးစားမှုကို အဟန့်အတားဖြစ်စေနိုင်သည် ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

၂၀၀၁ ခုနှစ်တွင် ၎င်းပိုင် လယ်ယာမြေ အသိမ်းခံရမှုနှင့်ပတ်သတ်ပြီး ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆန္ဒပြခဲ့သူ ငွေဆောင်မြို့နယ်မှ ဦးချစ်တင်ကလည်း သူ့အနေဖြင့် ယခုထွက်ပေါ်လာသည့် ဥပဒေကို အသုံးချ၍ ဆုံးရှုံးသွားသည့် လယ်ယာမြေကို ပြန်လည်ရယူရန် ကြိုးစားသွားမည်ဟု YPI သို့ ပြောသည်။

ဥပဒေ ပြဋ္ဌာန်းခြင်း မပြုမီ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် လယ်ယာမြေ အသိမ်းခံရမှုနှင့် ပတ်သက်၍ ပုသိမ်မြို့၌လယ်သမားများ ဆန္ဒပြခဲ့ကြသော်လည်း ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိသကဲ့သို့ တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ပေးခဲ့ခြင်းလည်းမရှိခဲ့ပေ။ ။

0 comments: